မုံရွာမြို့ရှိ နမခ စစ်ဌာနချုပ်ကို လက်ကြီးများဖြင့်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးဟုဆို

By ပါခွီး
16 March 2023
မုံရွာမြို့ရှိ နမခ စစ်ဌာနချုပ်ကို လက်ကြီးများဖြင့်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးဟုဆို

မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။

မတ်လ ၁၄ ရက် ည ၉ နာရီ ၁၅မိနစ်မှစတင်ပြီး ၄၅ မိနစ်အကြာသည်အထိ လက်နက်ကြီးကျည် အလုံး ၅၀ ကျော် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

“ စစ်ခွေး (စစ်ကောင်စီတပ်သား) သေဆုံးတာကို အတွင်းသတင်းပေးက နေတစ်ဆင့် ပြန်သိရတာ။ သူတို့ ကောင်းကောင်းမအိပ်ရလို့ဆိုပြီး ဆဲဆိုနေကြတယ် ” ဟု Chindwin Attack Force ပြန်ကြားရေးတာဝန်ခံ ကပြောသည်။

နမခ တိုင်းရုံးအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ခွဲ (၄) Fight For People (FFP) ၊ မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၃) တပ်ခွဲ(၃) ဂဠုန်နက် PDF ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၃) တပ်ခွဲ (၄) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၄) တပ်ခွဲ (၂) ခွေးသတ်မုဆိုး PDF ၊ ကျားသစ်နက် LPDF ၊ ယက္ခညီနောင် LPDF ၊ 9- One People’s Defence Force တို့ ပူးပေါင်းခဲ့ခြင်းဟု ဆိုသည်။

မတ်လ ၁၅ ရက် နံနက် ၅ နာရီအချိန်တွင် မုံရွာခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော် (Chindwin Attack Force)၊ တပ်ရင်း(၄)၊ တပ်ခွဲ (၂) ခွေးသတ်မုဆိုး PDF အဖွဲ့သည် အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင်များကို  ၆၀ မမဖြင့် ပစ်ခတ်ခဲ့ကြောင်း မတ်လ ၁၆ ရက် ၌ထုတ်ပြန်သည်။

ဆက်လက်ပြီး ယမန်နေ့ည ၁၂ နာရီအချိန်ကလည်း မုံရွာမြို့နယ် သာစည်ကျေးရွာရှိ ဆောက်လုပ်ဆဲ အကျဉ်းထောင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ၆၀မမ ခြောက်လုံး ၊ ၁၂၀ မမ နှစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ရင်း (၃) ၊ တပ်ရင်း(၄) တပ်ရင်း၊ တပ်ခွဲများသည် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိကြောင်း အသိပေးထားသည်။

စာတည်း ။ ။Alden
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly