Peninsula ဟိုတယ်လုပ်ငန်းအော်ပရေတာက ရန်ကုန်ဟိုတယ်စီမံကိန်းကို ပြန်စရန် အသင့်ရှိ

Peninsula ဟိုတယ်လုပ်ငန်းအော်ပရေတာက ရန်ကုန်ဟိုတယ်စီမံကိန်းကို ပြန်စရန် အသင့်ရှိ

နိုင်ငံတကာ အဆင့်မြင့် Peninsula ဟိုတယ်များကို ဖွင့်လှစ်လည်ပတ်လုပ်ကိုင်သည့် Hongkong and Shanghai Hotels ဟိုးဒင်း ကုမ္ပဏီက ရန်ကုန်ရှိ ရပ်နားထားသော ဒေါ်လာသန်း ၁၃၀ တန် ဟိုတယ်စီမံကိန်းကို သင့်တော်သည့်အချိန်တွင် ပြန်စသွားရန် အသင့်ရှိနေသည်ဟု သိရသည်။

၂၀၂၁ ၊ ဖေဖေါ်ဝါရီက ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းမှုကြောင့် ရန်ကုန်ရှိ Peninsula ဟိုတယ် ဆောက်လုပ်မှုကို ရပ်နားထားခဲ့ရခြင်း ဖြစ်ကြောင်း Hongkong and Shanghai Hotels ကုမ္ပဏီ၏ စီအီးအို ကလီးမန့်တ် ကွာ့ခ်က မတ်လ ၁၅ ရက်တွင် သတင်းထောက်များကို ပြောသည်။

စီမံကိန်းဆိုဒ်ကို “နှစ်ချီကြာ” ထိန်းသိမ်းထားရန် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ထားသည် ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် အခြေအနေအချိန်အခါ သင့်တော်သည်ဟု ယူဆရချိန်တွင် စီမံကိန်းကို အချိန်မရွေး ပြန်စသွားနိုင်ကြောင်း ကွာ့ခ်က အလေးပေး ပြောသည်။ “အဆောက်အအုံကို ခြေရာလက်ရာ မပျက် ထိန်းသိမ်းထားတယ်။ ဒါက အင်မတန် အရေးကြီးတဲ့ အချက်လို့ ကျွန်တော် ထင်တယ်” ဟု ၎င်းက ပြောသည်။

စီမံကိန်းသည် မြန်မာစီးပွားရေးလုပ်ငန်းရှင် ဆာ့ဂျ်ပန်၏ Yoma Group ၏ ကုမ္ပဏီနှစ်ခုဖြစ်သည့် စင်္ကာပူစတော့အိတ်စ်ချိန်းဝင် Yoma Strategic Holdings နှင့် ရန်ကုန်စတော့အိတ်စ်ချိန်းဝင် First Myanmar Investment တို့နှင့်အတူ လုပ်ကိုင်သည့် ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်သည်။ ယင်း၏ ၇၀ ရာခိုင်နှုန်းကို Hongkong and Shanghai Hotels က ပိုင်ပြီး ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းကို Yoma က ပိုင်သည်။

အခန်း ၈၈ ခန်းပါ ဟိုတယ်စီမံကိန်းသည် ရန်ကုန်မြို့၏ အချက်အချာနေရာရှိ ယခင် ကိုလိုနီခေတ်စတိုင် မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာ၌ အဆောက်အအုံ အသစ်ဆောက်လုပ်ဖော်ဆောင်ခြင်း၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ စီမံကိန်းကို ၂၀၁၄ ခုနှစ်က စခဲ့ပြီး ယမန်နှစ်တွင် ပြီးစီးရန် လျာထားသတ်မှတ်ခဲ့သော်လည်း ၂၀၂၁ နှစ်လယ်ပိုင်းတွင် ဆောက်လုပ်မှုကို ရပ်နားထားခဲ့ရသည်။

Hongkong and Shanghai Hotels သည် ပြီးခဲ့သည့် တစ်နှစ်အကြာက ဟောင်ကောင်ဒေါ်လာ ၆၇၉ သန်း (ဒေါ်လာ ၈၆ ဒသမ ၅ သန်း) သို့မဟုတ် စီမံကိန်း၏ ပိုင်ဆိုင်မှုအာမခံ တန်ဖိုး၏ ၈၅ ရာခိုင်နှုန်းအဖြစ် အရှုံးစာရင်းပြခဲ့သည်။

လေးနှစ်အတွင်း ကုမ္ပဏီ၏ ပထမဆုံးသော လူကိုယ်တိုင်တွေ့ဆုံသည့် နှစ်ပတ်လည် ဝင်ငွေအရစာရင်း သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံမှ ရုပ်သိမ်းထွက်ခွာခြင်းနှင့်ပတ်သက်သည့် အရေးကိစ္စကို ကွာ့ခ်က ရှင်းလင်းပြောဆိုခဲ့သည်။

“မိမိတို့ ပိုပြီး မြင်ချင်တာကတော့ စီမံကိန်းကို အပြီးသတ် ဖော်ဆောင်ဖို့ သင့်တော်တယ်လို့ မိမိတို့ ယူဆနိုင်မယ့် အခြေအနေတွေဆီ ပြန်ရောက်ဖို့ပဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုနှင့်အတူ နောက်ဆက်တွဲ ပြည်တွင်းစစ် ပေါ်ပေါက်ပြီးနောက် အနောက်အုပ်စု ဒီမိုကရေစီနိုင်ငံများမှ ကုမ္ပဏီအများအပြားသည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခြင်း သို့မဟုတ် ထွက်ခွာမည်ဟု ကြေညာမှုတို့ ရှိခဲ့သည်။ အာဏာသိမ်းစစ်တပ်သည် နိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာထားမှုကို ဖေဖေါ်ဝါရီ ၁ ရက်က နောက်ထပ် ခြောက်လသက်တမ်းတိုးခဲ့သည့်အတွက် ယင်းက အာဏာသိမ်းစစ်တပ်အနေဖြင့် အထွေထွေ ရွေးကောက်ပွဲတစ်ခု ကျင်းပခြင်း မပြုဘဲ နိုင်ငံကို အုပ်ချုပ်စီမံစေနိုင်ရန် ဥပဒေအခြေခံတစ်ခုကို ထောက်ပံ့ပေးသည်။

နိုင်ငံတကာ စားသောက်ကုန်လုပ်ငန်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Nestle က ရန်ကုန်ရှိ ၎င်းတို့၏ စက်ရုံနှင့် ရုံးချုပ်ရှိ လုပ်ငန်းများကို ပိတ်သိမ်းရပ်နားမည် ဖြစ်ကြောင်း Nikkei ကို အတည်ပြုသည်။ ယင်းအတွက်ကြောင့် နော်ဝေ တယ်လီကွန်း အော်ပရေတာ Telenor ၊ ပြင်သစ်စွမ်းအင်လုပ်ငန်း TotalEnergies နှင့် ဂျပန်အဖျော်ယမကာထုတ်လုပ်သူ Kirin Holdings အပါအဝင် မြန်မာပြည်မှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရုပ်သိမ်းသည့် နိုင်ငံတကာ ကုမ္ပဏီများတွင် အထက်ပါ ဆွစ်ဇာလန် စားသောက်ကုန် ကုမ္ပဏီလည်း ပါဝင်လာခဲ့သည်။

“ရှင်းရှင်း ပြောရရင်တော့ ကုမ္ပဏီတစ်ခုအနေနဲ့ မိမိတို့ဟာ ဘယ်လို အကြမ်းဖက်မှုကိုမဆို ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်မှာ မဟုတ်ပါဘူး” ဟု ကွာ့ခ်က ပြောသည်။ သို့သော် “ခင်ဗျားအနေနဲ့ လူတွေကို အလုပ်ခန့်ထားတယ်ဆိုရင် သူတို့ကို ကူညီပေးရမှာ ဖြစ်တယ်ဆိုတဲ့ အမြင်ကို ယေဘုယျအားဖြင့် မိမိတို့ ကိုင်စွဲပါတယ်” ဟု ၎င်းက ပြောသည်။

Peninsula ဆောက်လုပ်ရေးလုပ်ငန်းနှင့် ကပ်လျက်ရှိ အခြားသော အဆောက်အအုံ အသစ်ဆောက်လုပ်မှု စီမံကိန်းအတွက် ဖက်စပ်လုပ်ငန်းပါတနာများနှင့်အတူ ကြွေးမြီ ပြန်လည်ဖွဲ့စည်းမှု အစီအစဉ်အတွက် သဘောတူထားကြောင်း Yoma Strategic က မတ်လ ၁၄ ရက်တွင် ပြောသည်။

ရုံးများ၊ ဈေးဆိုင်များနှင့် ဟိုတယ်များအတွက် အထပ်မြင့် အဆောက်အအုံ လေးလုံး ပါဝင်သည့် ထိုပရောဂျက်ကိုလည်း လက်ရှိတွင် ရပ်ဆိုင်းထားသည်။ ယင်းစီမံကိန်း၏ ၆၀ ရာခိုင်နှုန်း ကို Yoma ကုမ္ပဏီနှစ်ခုက ထိန်းချုပ်ထားပြီး ၃၀ ရာခိုင်နှုန်းကို Mitsubishi Corp. နှင့် Mitsubishi Estate တို့ ဦးဆောင်သော ဂျပန်လုပ်ငန်းစုတစ်စုက ထိန်းထားသည်။ ကျန်သည်တို့ကို ကမ္ဘာ့ဘဏ်၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုဖြစ်သည့် International Finance Corp (IFC) နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) တို့က ပိုင်သည်။

ဘဏ်လုပ်ငန်းနှစ်ခုဖြစ်သည့် ADB နှင့် IFC တို့က ၂၀၂၅ ၊ ဇွန် ၁၅ ရက်အထိ လုံးဝဥဿုံရပ်ထားမှု ကာလတစ်ခုကို ခွင့်ပြုပေးရန် သဘောတူထားပြီး ထိုကာလအတွင်း ၎င်းတို့အနေဖြင့် ကြွေးမြီဆပ်ရန် ပျက်ကွက်မှုများအပေါ် အရေးယူမှု လုပ်မည် မဟုတ်ကြောင်း Yoma Strategic ၏ ထုတ်ဖော်ချက်အရ သိရသည်။

တစ်ချိန်တည်းမှာပင် ဂျပန်လုပ်ငန်းစုအဖွဲ့အစည်းက ထပ်တိုး ရှယ်ယာရှင် ချေးငွေများကို ထည့်ဝင်ထောက်ပံ့ပေးရန် သဘောတူထားပြီး ယင်းတို့ကို ဘဏ်များထံမှ ရယူထားသည့် ငွေရင်းချေးငွေကို အရစ်ကျဖြင့် ကြိုတင်ပေးရန်နှင့် ပြန်ဆပ်ရန်အတွက် တစ်စိတ်တစ်ဒေသအားဖြင့် အသုံးပြုသွားမည် ဖြစ်သည်။

ယင်းက အခြေခံအားဖြင့် မြန်မာလုပ်ငန်းဂရု(ပ်) အတွက် ငွေရေးကြေးရေးဆိုင်ရာ အသက်ရှုပေါက်ကို ထောက်ပံ့ပေးသည်။ အသစ်ပြန်စသည့် ကြွေးမြီ ပြန်လည်ဖွဲ့စည်းမှု အစီအစဉ်က မိမိတို့အတွက် လာမည့် နှစ်နှစ်၊ သုံးနှစ်ကြာ အချိန်ပိုရစေမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ Yoma တာဝန်ရှိသူတစ်ဦးက Nikkei ကို ပြောသည်။

သို့သော် Mitsubishi Corp ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Nikkei ကို ပြောကြားရာတွင် ရှယ်ယာရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေကို အကဲဖြတ်ချင့်တွက်နေပြီး စီမံကိန်းကို ပြန်စမည်လား ဆိုသည်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း ပြောသည်။

တစ်ချိန်တည်းမှာပင် Hongkong and Shanghai Hotels လုပ်ငန်းနှင့်ပတ်သက်ပြီး အလားတူ ငွေရေးကြေးရေးဆိုင်ရာ စီစဉ်မှုအသစ်များကို လုပ်ဆောင်နေခြင်း မရှိကြောင်းနှင့် မြေနေရာကို ပိုင်သည့် မြန်မာအာဏာပိုင်တို့ထံ ငှားရမ်းခံကို အလျဉ်မပြတ် ပေးချေထားကြောင်း ကွာ့ခ်က ပြောသည်။
ဟိုတယ်လုပ်ငန်းကုမ္ပဏီအနေဖြင့် မြန်မာ့အရေးကိစ္စအပြင် ယမန်နှစ်က COVID ကပ်ရောဂါ၏ သက်ရောက်မှုကို ဆက်လက် ကိုင်တွယ်လုပ်ဆောင်ခဲ့ရသည်။

အဓိကအားဖြင့် ဘန်ကောက်၊ မနီလာ၊ တိုကျို၊ နယူးယော့ခ်နှင့် ချီကာဂိုတို့ရှိ လုပ်ငန်းလည်ပတ်မှုများတွင် ပြန်လည်နာလန်ထူမှုကြောင့် ၂၀၂၂ ခုနှစ်တွင် ဝင်ငွေက ၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဟောင်ကောင်ဒေါ်လာ ၄ ဒသမ ၁၉ ဘီလီယံကို ရောက်ခဲ့သည်။ သို့သော် ကုမ္ပဏီသည် အသားတင် အရှုံး ဟောင်ကောင်ဒေါ်လာ ၄၈၈ သန်း ပြခဲ့ပြီး အစောပိုင်းတစ်နှစ်က ဟောင်ကောင်ဒေါ်လာ ၁၂၀ သန်းထက် ပိုဆိုးနေခဲ့ကာ ကုမ္ပဏီအနေဖြင့် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးတွင် ယမန်နှစ်ကုန်ပိုင်းအထိ ဆက်ရှိနေခဲ့သည့် တင်းကျပ်သော COVID တိုက်ဖျက်ရေး မူဝါဒ၏ ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly