ဒေါ်နယ်လ်ထရမ့် မဲဆွယ်ခရီးစဉ်ကို ဆန္ဒပြသူများက ပိတ်ဆို့ တားဆီး

ဒေါ်နယ်လ်ထရမ့် မဲဆွယ်ခရီးစဉ်ကို ဆန္ဒပြသူများက ပိတ်ဆို့ တားဆီး

ဖီးနစ်၊ မတ်၊ ၂၀ ။        ။ အမေရိကန်ရွေးကောက်ပွဲတွင် ရီပတ်ဗလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်လာရန် အခြေအနေကောင်းလျက် ရှိသည့် ဘီလျံနာသူဌေး ဒေါ်နယ်လ်ထရမ့်၏ မဲဆွယ်ခရီးစဉ်သွားမည့်လမ်းကြောင်းကို ဆန္ဒပြသူများက ပိတ်ဆို့တားဆီး ခဲ့သည်။

ဆန္ဒပြသူများသည် အရီဇိုးနားပြည်နယ်အတွင်းရှိ အဝေးပြေးလမ်းတစ်ခုကို ပိတ်ဆို့ကာ ဖီးနစ်မြို့အနီးတွင် ပြုလုပ်မည့် မဲဆွယ်ပွဲသို့ သွားရောက်မည့် ဒေါ်နယ်လ်ထရမ့်ကို တားဆီးခဲ့ခြင်း ဖြစ်သည်။

စုစုပေါင်း လူ ၅၀ ဝန်းကျင်ခန့်ရှိသည့် ဆန္ဒပြသူများသည် '' အမှိုက်သရိုက်ထရမ့် '' ဟုအဓိပ္ပါယ်ရသော ဆိုင်းဘုတ်များ အပါအဝင် ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်ရှုတ်ချသည့် စာတမ်းများပါသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာဆန္ဒပြခဲ့ ကြသည်။

ထိုကဲ့သို့ ဆန့်ကျင်ဆန္ဒပြသူများထဲမှ အချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

တစ်ဖက်တွင်လည်း ဒေါ်နယ်လ်ထရမ့်ကိုထောက်ခံသူအများအပြားကလည်း ဖီးနစ်မြို့အနီးရှိ မဲဆွယ်ပွဲပြုလုပ်မည့် ဖောင်တိန်ဟေးလ်သို့ ချီတက်လမ်းလျှောက်ခဲ့သည်ကို တွေ့ရသည်။

ယခုရက်ပိုင်းများအတွင်းတွင် ဒေါ်နယ်လ်ထရမ့်၏ မဲဆွယ်ပွဲများကို ဆန့်ကျင်ဆန္ဒပြမှုများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်လျှက် ရှိရာ ပြီးခဲ့သည့် တစ်ပတ်ခန့်က ချီကာဂိုမြို့တွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးပွဲမှာလည်း ဆန္ဒပြကန့်ကွက်သူများကြောင့် ဖျက်သိမ်းခဲ့ရသည်။

ဒေါ်နယ်လ်ထရမ့်ကို လူမျိုးရေးခွဲခြားသူ၊ အပြောအဆိုရမ်းကားသူအဖြစ်နှင့် ပြည်တွင်းမှရော၊ ပြည်ပနိုင်ငံများမှပါ ဝေဖန်မှုများ၊ ဆန့်ကျင်မှုများရှိနေသော်လည်း လက်ရှိအချိန်ထိ ရီပတ်ဗလစ်ကန်ပါတီသမ္မတလောင်းရွေးပွဲတွင် ပြိုင်ဘက်များကိုအသာရပြီး ဦးဆောင်လျှက်ရှိကာ နိုဝင်ဘာတွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန်အလားအလာကောင်းလျှက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly