ထိုင်းနိုင်ငံတွင် မလေးရှားသို့သွားမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ ဦး ဖမ်းဆီးခံရ

By ကိုရွှေမြိတ်
16 March 2023
ထိုင်းနိုင်ငံတွင် မလေးရှားသို့သွားမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ ဦး ဖမ်းဆီးခံရ

မဲဆောက်(မဇ္ဈိမ)။။ ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ပရကျွပ်ခီရီခန်မြို့၌ မလေးရှားသို့သွားမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ ဦးကို လမ်းတွင်ထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့ကြောင်း ပရကျွပ်ခီရီခန်ခရိုင် မောင်နှမမြို့တော် ဆက်ဆံရေးတာဝန်ခံထံမှ သိရသည်။

စင်ခွန်-မောတောင် နယ်စပ်ဂိတ်မှတစ်ဆင့် ခိုးဝင်ခဲ့ခြင်းဖြစ်ပြီး ပရကျွပ်ခီရီခန်ခရိုင်၊ ပရကျွပ်ခီရီခန်မြို့၊ ရပ်ကွက်အမှတ် (၇) ခလောင်ဝါတိုက်နယ်ရှိ အုန်းတောခြံအတွင်းရောက်ရှိစဉ် မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

“ဒေသခံ ထိုင်းနိုင်ငံသား နှစ်ဦးက အပျော်တမ်း ငါးမျှားဖို့လာတဲ့ အချိန်မှာ လာကြိုတဲ့သူထင်ပြီး ထွက်တွေ့ရာမှ ထိုင်းနိုင်ငံသား နှစ်ဦးက သက်ဆိုင်ရာကို တိုင်ကြားလိုက်လို့ အခုလို ဖမ်းဆီးခံရတာ ဖြစ်တယ်”ဟု ပရကျွပ်ခီရီခန်ခရိုင် မောင်နှမမြို့တော် ဆက်ဆံရေးတာဝန်ခံက ပြောသည်။

တရားမဝင်နယ်စပ်ခိုးလမ်းကနေမှ ဝင်ရောက်ခဲ့သော မြန်မာရွှေ့ပြောင်း အလုပ်သမားများထဲတွင် အမျိုးသမီးတစ်ဦးပါဝင်ပြီး စုစုပေါင်း ၂၇ ဦးခန့်ရှိကာ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၄၅,၀၀၀ မှ ၅၀,၀၀၀ အထိ ပွဲစားခပေးခဲ့ရကြောင်းသိရသည်။

လက်ရှိ ဖမ်းဆီးခံထားရသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများထဲတွင် အသက် ၁၆ နှစ်မှ အသက် ၅၀ နှစ်ကျော်အထိပါဝင်ပြီး ၎င်းတို့ကို ခလောင်ဝါ တိုက်နယ်ရဲစခန်း၌ ထိန်းသိမ်းထားကာ စုံစမ်းစစ်ဆေးရန်နှင့် အရေးယူနိုင်ရန် စီစဉ်နေကြောင်းသိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required