မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေး

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေး

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ရဲ့ အစည်းအဝေးကို ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ ကျင်းပနေပါတယ်။

အစည်းအဝေးကို ရက္ခိုင့်တပ်တော် (အေအေ) က တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကိုယ်တိုင် ဦးဆောင်တက်ရောက်နေတယ်လို့ သိရပြီး အဖွဲ့ဝင် ၇ ဖွဲ့လုံးက ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။

အခုအစည်းအဝေးကို မတ်လ ၁၄ ရက်က ပန်ဆန်းမြို့မှာ ကျင်းပနေတာဖြစ်ပြီး  ဆွေးနွေးတဲ့ အကြောင်းအရာတွေကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားထားပါတယ်။

FPNCC ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူချုပ် (NCA) မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ 

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (FPNCC) မှာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှုအတွက် အမျိုးသားပါတီ-ကိုးကန့် (MNDAA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် မိုင်းလား (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (TNLA) နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ပါဝင်ကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဖေဖော်ဝါရီလအတွင်းက FPNCC အဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းတို့ တွေ့ဆုံခဲ့ပြီးနောက် FPNCC တပ်ဖွဲ့ဝင်တွေ အချင်းချင်း တွေ့ဆုံနေကြတာ ဖြစ်ပါတယ်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွန်းဟာ မတ်လပထမအပတ်က နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီးနောက် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာနဲ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွေတုန်းကတော့ Deng Xijin ဟာ FPNCC အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တာမျိုး ရှိထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required