မြန်မာ့အကျပ်အတည်း ကူညီဖြေရှင်းရန် မြန်မာပြည်မှ အစုအဖွဲ့အသီးသီးနှင့် ဆွေးနွေးနေဟု အင်ဒိုနီးရှားသမ္မတ ပြော

By The Straits Times
16 March 2023
မြန်မာ့အကျပ်အတည်း ကူညီဖြေရှင်းရန် မြန်မာပြည်မှ အစုအဖွဲ့အသီးသီးနှင့် ဆွေးနွေးနေဟု အင်ဒိုနီးရှားသမ္မတ ပြော

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းနိုင်ရေးအတွက် အင်ဒိုနီးရှားအနေဖြင့် မြန်မာနိုင်ငံမှ အစုအဖွဲ့အသီးသီးနှင့် ကန့်လန့်ကာနောက်ကွယ်တွင် ဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ပြောသည်။ သို့သော် မြန်မာ့အရေးကို ပြေလည်အောင် ဖြေရှင်းနိုင်ရန် အချိန်ယူရမည် ဖြစ်ကြောင်း မစ္စတာ ဝီဒိုဒိုက ပြောသည်။

အာဆီယံအနေဖြင့် ငြိမ်းချမ်းသော ဒေသတစ်ခုအဖြစ် ဆက်ရှိနေစေရန် ကြိုးပမ်းမည်ဖြစ်သလို အထူးသဖြင့် စူပါပါဝါ နိုင်ငံကြီးများအကြား ပထဝီနိုင်ငံရေး တင်းမာမှုများ အရှိန်မြင့်တက်နေသည့် အချိန်ကာလတစ်ခုအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုခုအတွက် ကြားခံ ဖြစ်မလာစေရေး ရှောင်တိမ်းရန် ကြိုးပမ်းမည် ဖြစ်ကြောင်း မစ္စတာ ဝီဒိုဒိုက The Straits Times သတင်းဌာနနှင့် မတ်လ ၁၅ ရက်တွင် တွေ့ဆုံသည့် အင်တာဗျူးတစ်ခုတွင် ပြောသည်။

ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် အင်ဒိုနီးရှားအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေကို တိုးတက်ကောင်းမွန်စေရေး အစွမ်းကုန် လုပ်ဆောင်မည် ဖြစ်ကြောင်း မစ္စတာ ဝီဒိုဒိုက ပြောသည်။ တစ်ချိန်တည်းမှာပင် မြန်မာပြည်ရှိ အခြေအနေကိစ္စများက “ရှုပ်ထွေးလာ” နေသည့်အတွက် ယင်းကို ဖြေရှင်းနိုင်ရန် အချိန်တစ်ခု ယူရလိမ့်မည် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စု သဘောတူထားသည့် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန်က အင်ဒိုနီးရှားနှင့် အာဆီယံ၏ ဦးစားပေးကိစ္စဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် အာဆီယံအဖွဲ့သည် မြန်မာစစ်ကောင်စီနှင့်အတူ ၂၀၂၁ ဧပြီလတွင် ဘုံသဘောတူညီချက် ငါးချက်ကို ရေးဆွဲသဘောတူခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှု ပြန်ရစေရေး လုပ်ဆောင်မှုတွင် တိုးတက်မှု မရှိသလောက် ဖြစ်နေခဲ့ပြီး နိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဖရိုဖရဲ အခြေအနေများနှင့် အကြမ်းဖက်မှုအောက် ကျရောက်နေခဲ့ကာ လူထောင်ချီ သတ်ဖြတ်ခံထားရသည်။

“မြန်မာ့အရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ လုပ်ဆောင်ချက်အများအပြားကတော့ နောက်ကွယ်မှာပဲ ရှိနေတယ်ဆိုပေမယ့် လုပ်နေတဲ့ အလုပ်တွေ ရှိပါတယ်” ဟု မစ္စတာ ဝီဒိုဒိုက ပြောသည်။

ယင်းကဲ့သို့သော လုပ်နည်းကိုင်နည်းက ဂျိုကိုဝီ အများအားဖြင့် ရည်ညွှန်းသည့်အတိုင်း တိတ်တဆိတ် ဒစ်ပလိုမေစီအဖြစ် လူသိများသည်။

ထို လုပ်နည်းကိုင်နည်းက အများသူငှာမြင်ကွင်း၏ အဝေးတွင် လူအချင်းချင်း ဆက်ဆံမှုကို အားကောင်းစေခြင်းပင် ဖြစ်ကြောင်းနှင့် ယင်းသည် ရှုပ်ထွေးသော ကိစ္စရပ်များကို ဖြေရှင်းရာတွင် အရေးပါနိုင်ကြောင်း အင်ဒိုနီးရှားသမ္မတက The Straits Times ကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required