အမေရိကန်သံအမတ်သစ် တာဝန်ထမ်းဆောင်ရန် မစ္စတာ စကော့မာစီရယ်လ် မတ် ၂၅ရက်တွင် မြန်မာနိုင်ငံရောက်မည်

အမေရိကန်သံအမတ်သစ် တာဝန်ထမ်းဆောင်ရန် မစ္စတာ စကော့မာစီရယ်လ် မတ် ၂၅ရက်တွင် မြန်မာနိုင်ငံရောက်မည်
(ဓာတ်ပုံ-Scot Marciel facebook)

ရန်ကုန်၊ မတ် ၂၀ ။             ။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ် မစ္စတာ စကော့မာစီရယ်လ် မတ်လ ၂၅ရက်တွင် မြန်မာနိုင်ငံကို လာရောက်မည်ဖြစ်ပြီး မတ်လကုန်တွင် ပြုလုပ်မည့် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး သံအမတ်ခန့်အပ်လွှာကို သမ္မတသစ်ထံ ပေးအပ်သွားမည်ဟု အမေရိကန်နိုင်ငံ၊ ဝါရှင်တန်အခြေစိုက် မြန်မာသံရုံး၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

၎င်းက ရွှေတိဂုံဘုရားသို့ ဦးစွာ သွားရောက်ဖူးမျှော်မည်ဖြစ်ပြီး နေပြည်တော်တွင် မတ်လကုန်ပိုင်း၌ ကျင်းပမည့် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်မည်ဖြစ်သည်။ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး သံအမတ်ခန့်အပ်လွှာကို သမ္မတသစ်ထံ ပေးအပ်မည်ဟု ဆိုသည်။

အမေရိကန်သံအမတ်သစ်သည် အစိုးရသစ်၏ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများအပါအဝင် မြန်မာပြည်သူများအကျိုးစီးပွား အတွက် အမေရိကန်နိုင်ငံ၏ အတွေ့အကြုံ၊ စံနှုန်း၊ တန်ဖိုးထားမှုများကို တတ်နိုင်သည့်ဘက်မှ ဝေမျှသွားမည်ဟု ဆိုထားသည်။

ယင်းအပြင် မြန်မာ-အမေရိကန်ဆက်ဆံရေး တိုးတက်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြုှပ်နှံမှု တိုးမြှင့်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်းဆိုကြောင်း ထုတ်ပြန်ထားသည်။

မစ္စတာ စကော့မာစီရယ်လ်ကို အောက်တိုဘာလတွင် သမ္မတအိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ရန် လွှတ်တော်သို့ အမည်စာရင်း တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလအတွင်း အမေရိကန်လွှတ်တော်က ကန့်ကွက်မဲမရှိဖြင့် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

၎င်းက ၂၂ နှစ်တာကာလအတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ၂၀၁၂ ခုနှစ်က စတင်ပြီး တာဝန်ထမ်းဆောင်ခဲ့သည့် ဒဲရစ်မစ်ချယ်လ်၏ နေရာကို ဆက်ခံခြင်းလည်းဖြစ်သည်။

မစ္စတာ စကော့မာစီရယ်လ်က လက်ရှိတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာဌာနအတွက် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပြီး ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တူရကီ နှင့် ဘရာဇီးလ် တို့တွင် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly