နာပိုလီနဲ့ ဖရန့်ဖတ်တို့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အဝေးကွင်း ပရိသတ်တွေ ရဲတွေနဲ့ ထိပ်တိုက်ခိုက်ရန်ဖြစ်ပွား

နာပိုလီနဲ့ ဖရန့်ဖတ်တို့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အဝေးကွင်း ပရိသတ်တွေ ရဲတွေနဲ့ ထိပ်တိုက်ခိုက်ရန်ဖြစ်ပွား
Photo: EPA

ဖရန့်ဖတ်ပရိသတ်တွေဟာ နာပိုလီအသင်းနဲ့ ဗုဒ္ဓဟူးနေ့ရဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်မှာ ပွဲကြည့်ခွင့်ပိတ်ပင်ခံရပေမယ့်လည်း နေပယ်မြို့ကို ရောက်ရှိလာပြီးနောက် ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ပထမအကျော့မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် အဝေးကွင်းပရိသတ်တွေကို ဒုတိယအကျော့မှာ ပိတ်ပင်ခံခဲ့ရတာပါ။

ဒါပေမယ့် ရာနဲ့ချီတဲ့ ပရိသတ်အုပ်စုတစ်စုက ရဲကားတစ်စီးကို မီးတင်ရှို့ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို မီးခိုးဗုံးတွေ ပစ်သွင်းကာ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။

ဖရန့်ဖတ်ပရိသတ်တွေဟာလည်း နာပိုလီအစွန်းရောက်တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရကြောင်း ဒေသတွင်း မီဒီယာတွေက ပြောပါတယ်။

ဒီအဖြစ်အပျက်တွေက လမ်းသွားလမ်းလာတွေနဲ့ ဆိုင်ရှင်တွေကြား ထိတ်လန့်စေခဲ့တယ်လို့ မီဒီယာတွေက ဆိုပါတယ်။

လူမှုကွန်ရက်ပေါ်မှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင်မှာ အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံဝတ်ထားတဲ့ ရဲအနည်းစုကို ထိုင်ခုံတွေနဲ့ မီးရှူးမီးပန်းတွေ ပစ်ပေါက်တာကို တွေ့ရပါတယ်။

အီတလီဒုတိယဝန်ကြီးချုပ် မာတီယို ဆာဗီနီက Instagram မှာ "ဒါတွေက ပရိသတ်တွေ မဟုတ်ပါဘူး၊ သူတို့က ရာဇဝတ်ကောင်တွေ၊ လူရမ်းကားတွေပါ။ ဂျာမနီမှာ ဒီလိုပဲ အရှုပ်အထွေးဖြစ်အောင် လုပ်ကြမလားလို့ ကျနော် တွေးမိပါတယ်။"လို့ ရေးသားခဲ့ပါတယ်။

ဒီပွဲကို ဗုဒ္ဓဟူးနေ့ ၂၀း၀၀ GMT မှာ စတင်မှာဖြစ်ပြီး နာပိုလီက ပထမအကျော့ ၂-၀ ဂိုးနဲ့ ဦးဆောင်ထားပါတယ်။

UEFA က ဖရန့်ဖတ်ကို လူမျိုးရေးခွဲခြားတဲ့ အပြုအမူ၊ မီးရှူးမီးပန်းများပစ်တာ၊ အရာဝတ္ထုတွေပစ်ပေါက်တာ၊ ပျက်စီးစေတဲ့ လုပ်ရပ်တွေနဲ့ တရားစွဲဆိုခဲ့ပြီး နာပိုလီနဲ့ ပထမအကျော့ပွဲစဉ်အပြီးမှာ လူ ကိုးဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly