ထိုင်းတွင် ရေဒီယိုသတ္တိကြွပစ္စည်းပါသည့် ဆလင်ဒါဘူး ပျောက်နေ၍ အာဏာပိုင်များ ရှာဖွေနေ

ထိုင်းတွင် ရေဒီယိုသတ္တိကြွပစ္စည်းပါသည့် ဆလင်ဒါဘူး ပျောက်နေ၍ အာဏာပိုင်များ ရှာဖွေနေ

ထိုင်းနိုင်ငံတွင် ဓာတ်အားပေးစက်ရုံတစ်ရုံမှ အန္တရာယ်ရှိ ရေဒီယိုသတ္တိကြွပစ္စည်း ပါဝင်သည့် ဆလင်ဒါဘူးတစ်ဘူး ပျောက်နေ၍ ယင်းကို ပြန်ရှာတွေ့ရန် အာဏာပိုင်များ ကြိုးစားရှာဖွေလျက် ရှိကြောင်း တာဝန်ရှိသူများက မတ်လ ၁၄ ရက်တွင် ပြောသည်။

အဆိုပါ ဆလင်ဒါဘူးအတွင်းမှ ရေဒီယိုသတ္တိကြွပစ္စည်းနှင့် တိုက်ရိုက် ထိတွေ့မိပါက ပြင်းထန်သည့် ကျန်းမာရေး ဆိုးကျိုးအန္တရာယ်များ ကြုံရနိုင်သည့်အပေါ် တာဝန်ရှိသူများက သတိပေးထားသည်။

ဘန်ကောက်၏ အရှေ့ဘက် ပရာချင်ဘူရီခရိုင်ရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံရှိ ဝန်ထမ်းများသည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်က ပုံမှန်လုပ်နေကျ စစ်ဆေးမှုများအတွင်း အရှည် ၃၀ စင်တီမီတာ (၁၂ လက်မ) ၊ အကျယ် ၁၃ စင်တီမီတာ ရှိသည့်
ကျည်တောင့်ပုံ သံမဏိဘူးတစ်ဘူး ပျောက်နေသည်ကို သတိပြုမိခဲ့ကြသည်။

အလွန်တရာ ရေဒီယိုသတ္တိကြွနိုင်စွမ်းရှိသော Caesium-137 ပါဝင်သည့် အလေးချိန် ၂၅ ကီလိုဂရမ် (၅၅ ပေါင်) ရှိသည့် ဘူးကို ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များအတွင်း ကြိုးစားရှာဖွေသော်လည်း မတွေ့သေးကြောင်း စက်ရုံကို ပိုင်သည့် နိုင်ငံတော် ဓာတ်အားထောက်ပံ့ရေး အများပိုင်ကုမ္ပဏီ Kittiphan Chitpentham က ပြောသည်။

ထိုဘူးသည် အစောပိုင်း ရက်များက အမြင့် ၁၈ မီတာ (၅၉ ပေ) ခန့် ရှိသည့် နံရံ အထိုင်နေရာတစ်ခုမှ ပြုတ်ကျသွားခြင်း ဖြစ်နိုင်သည်ဟု ကုမ္ပဏီက ယူဆထားသည်။

စက်ရုံ၌ ရေဒီယိုသတ္တိကြွမှု စမ်းသပ်မှုများအရ ယင်းဘူးသည် စက်ရုံပရဝုဏ်အတွင်း၌ မရှိတော့ ဆိုသည်ကို ပြသနေသည်။

“ဒီ ဧရိယာအတွင်းမှာရှိတဲ့ လူတွေ ဒါကို ဝိုင်းကူပြီး ရှာပေးဖို့ မိမိတို့ မေတ္တာရပ်ခံထားတယ်” ဟု ပရာချင်ဘူရီ၏ အုပ်ချုပ်ရေးမှူး နာရောင် နာကွန်ဂျင်ဒါက အေအက်ဖ်ပီကို ပြောသည်။

“ရေဒီယိုသတ္တိကြွ ပစ္စည်းဆိုတာက အလုံပိတ်ထားပြီး အကာအကွယ်လုပ်ထားတဲ့ အခြေအနေတစ်ခုအောက်မှာ ရှိတာပါ။ ဒါပေမယ့် အကယ်၍များ တစ်ယောက်ယောက်က အဲဒါကို ဖွင့်လိုက်မယ်ဆိုရင် အဲဒါနဲ့ တိုက်ရိုက် ထိတွေ့မိပြီး ဒါက အရေပြား ပျက်စီးတာနဲ့ အရေပြားလောင်ကျွမ်းတာတွေ ဖြစ်စေနိုင်ပါတယ်”

ပျောက်နေသည့် ဆလင်ဒါဘူးသည် စက်ရုံရှိ ရေနွေးငွေ့ ဖိအားကို တိုင်းတာရာတွင် အသုံးပြုသည့် ပစ္စည်းတစ်ခု၏ အစိတ်အပိုင်းဖြစ်သည်။ ယင်း၏ အတွင်းတွင် Caesium-137 မည်မျှအထိ ရှိနေသည်ဆိုတာကို တာဝန်ရှိသူများက ထုတ်ဖော်ခြင်း မရှိပေ။

ထို ဆလင်ဒါဘူးကို မည်သူက ယူသွားသည် ဆိုသည်ကို စုံစမ်းသိရှိနိုင်ရန် စက်ရုံဘက်က စောင့်ကြည့်လေ့လာမှု ရုပ်သံတစ်ခုကို အသုံးပြုထားကြောင်းနှင့် ယင်းဘူးကို မဖွင့်မိစေရန် သတိပေးထားကြောင်း နျူကလီးယားသုတေသနနှင့်ပတ်သက်ပြီး တာဝန်ရှိသည့် ထိုင်းအစိုးရ အေဂျင်စီ ငြိမ်းချမ်းမှုအတွက် အဏုမြူဆိုင်ရာ ရုံးက ပြောသည်။

“တကယ်လို့များ တစ်ယောက်ယောက်က အဲဒီ ဆလင်ဒါဘူးကို ဖွင့်ဖောက်လိုက်မယ်ဆိုရင် ခင်ဗျားအနေနဲ့ အဲဒါနဲ့ တိုက်ရိုက် ထိတွေ့မိမှာဖြစ်ပြီး ကင်ဆာနဲ့ အခြား ပြင်းထန်တဲ့ နာမကျန်းမှုတွေ ဖြစ်နိုင်တဲ့ မြင့်မားတဲ့ အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့်မို့ ကျေးဇူးပြုပြီးတော့ အဲဒီ ဆလင်ဒါဘူးကို မဖွင့်လိုက်ပါနဲ့” ဟု ရုံး၏ အတွင်းဝန် ပမ်ဆွတ်ခ် ဆုချာဖီဝတ်က ပြောသည်။

ယခုဖြစ်စဉ် မတိုင်မီ ဩစတြေးလျနိုင်ငံတွင်လည်း အလားတူ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလလယ်ပိုင်းက ဝေးလံသော ကုန်းခေါင်ရေဝေးအရပ် အမြန်လမ်းမတစ်ခုတွင် ထရပ်ကားတစ်စီးပေါ်မှ ပြုတ်ကျသွားခဲ့သော ရေဒီယိုသတ္တိကြွပစ္စည်းပါ ဘူးတောင့်ငယ်တစ်ဘူးကို သီတင်း နှစ်ပတ်ကြာ ရှာပြီးမှ ပြန်ရှာတွေ့ခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly