ဘီးလင်းမြို့ ဝင်းတာပန်ရွာတွင် လက်နက်ကြီးကျ၍ အိမ် ၄ လုံး ပျက်စီး 

By YT (မဇ္ဈိမ)
15 March 2023
ဘီးလင်းမြို့ ဝင်းတာပန်ရွာတွင် လက်နက်ကြီးကျ၍ အိမ် ၄ လုံး ပျက်စီး 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအနီးရှိ စကခ(၈)လက်အောက်ခံ ခမရ(၄၁၀) မှ  လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် လေးလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ 

မတ်လ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအနီးရှိ တပ်ခွဲမှူးမျိုးကျော်မြင့် ဦးဆောင်သော စကခ(၈) လက်အောက်ခံ ခမရ(၄၁၀) ဝင်းတာပန်စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် ဝင်းတာပန်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

ဝင်းတာပန်စခန်းမှ ပစ်လိုက်သော လက်နက်ကြီး သုံးလုံးသည် ဝင်းတာပန်ကျေးရွာအတွင်းသို့ နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး မကြိုင်၊ တီသားလေး၊ ဦးလှထွေး၊ လုံးဒိုး တို့​၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။ 

ဒါ့အပြင် ဝင်းတာပန်ကျေးရွာအပြင်ဘက် ဦးဝင်းမောင်​၏ ရာဘာခြံအတွင်း တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နွားတစ်ကောင်ထိခိုက်ခဲ့ပြီး ရာဘာပင်တချို့ ပျက်စီးသွားကြောင်း သိရသည်။ 

"လက်နက်ကြီးနဲ့က ထုတာကတော့ ညတိုင်းနီးနီးထုတယ်။ တိုက်ပွဲကတော့ အမြဲတမ်းဖြစ်နေတာပဲ။ တိုက်ပွဲဖြစ်တိုင်းလည်း သူတို့က ရွာတွေထဲ လှမ်းထုတာပဲ။ နတ်ကြီးဘက်ကနေ လှမ်းထုတာတော့များတယ်" ဟု ဝင်းတာပန်ကျေးနယ်မှ ဒေသခံတစ်ဦးကပြောသည်။ 

KNU တပ်မဟာ (၁) နယ်မြေ၊ ရွှေလောင်းအင်းကျေးရွာအုပ်စု၊ နတ်ကြီးကျေးရွာအနီးတွင်လည်း တပ်စွဲထားသော တပ်မ(၄၄) လက်အောက်ခံ စစ်ကောင်စီတပ်စခန်းတစ်ခုရှိပြီး ထိုနတ်ကြီးစစ်ကောင်စီစခန်း၊ ဝင်းတာပန်စစ်ကောင်စီတပ်စခန်းများရှိ စစ်သားများနှင့် တပ်မဟာ (၁) KNLA ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲဖြစ်ပွားတိုင်း နတ်ကြီး၊ ဝင်းတာပန် နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly