နိုင်ငံခြားခရီးသွားအားလုံးအတွက် နယ်စပ်ဂိတ်များပြန်ဖွင့်မည်ဟု တရုတ်ကြေညာ

By မေဘယ်လ်သူ မဇ္ဈိမ
15 March 2023
နိုင်ငံခြားခရီးသွားအားလုံးအတွက် နယ်စပ်ဂိတ်များပြန်ဖွင့်မည်ဟု တရုတ်ကြေညာ

Covid-19 ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်က စတင်ပိတ်ထားခဲ့သည့် နယ်စပ်ဂိတ်များကို ယနေ့မတ်လ ၁၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကာ ဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက်ခွင့်ပြုမည်ဖြစ် ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ကြေညာထားသည်။

သုံးနှစ်နီးပါးပိတ်ထားခဲ့သည့် နယ်စပ်ဂိတ်များတွင် နိုင်ငံခြားသားခရီးသွားများ လွတ်လပ်စွာ ပြန်ဝင်ခွင့်ပြု ခြင်းဖြစ်ကြောင်း  တရုတ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကပ်ရောဂါမတိုင်မီက ဗီဇာမလိုသော တရုတ်နိုင်ငံရှိ‌နေရာများသည်လည်း ဗီဇာကင်းလွတ်ခွင့် ပြန်လည် ရရှိမည်ဖြစ်ကြောင်း၊ အဆိုပါဗီဇာကင်းလွတ်အစီအစဉ်၌ ဟိုင်နန်တောင်ပိုင်းရှိ ခရီးသွားကျွန်းနှင့် ရှန်ဟိုင်း ဆိပ်ကမ်းကိုဖြတ်သွားမည့် အပျော်စီးသင်္ဘောများလည်းပါဝင်သည်ဟု ဆိုသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၈ ရက်နေ့ မတိုင်မီ ထုတ်ပေးထားသော ဗီဇာများကို ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများသည်လည်း ၎င်းတို့၏ကျန်ရှိ‌နေသော ဗီဇာသက်တမ်းကာလအတွင်း တရုတ်နိုင်ငံသို့ ဝင် ရောက်နိုင်မည်ဖြစ်ကြောင်း ဆိုသည်။

“ ဇန်နဝါရီလ တရုတ်-မြန်မာနယ်စပ်ဂိတ်အချို့ကို ပြန်ဖွင့်ပေးမယ်ဆိုပြီး တရုတ်ဘက်ကဖွင့်လှစ်ခဲ့ပေမယ့် မြန်မာဘက်က မဖွင့်ပေးခဲ့ဘူး။ အခုတော့ နယ်စပ်ဂိတ်အချို့ကို ပြန်ဖွင့်ပေးမယ်ဆိုတော့ မျှော်လင့်ရဦးမှာ ပေါ့။ မြန်မာဘက်အခြမ်းကလည်း ပြန်ဖွင့်ပေးဖို့ မျှော်လင့်တယ်” ဟု မူဆယ်မြို့မှ ကုန်သည်တစ်ဦးကဆို သည်။

တရုတ်-မြန်မာနယ်စပ် ကျယ်ခေါင်မြို့နှင့်ထိစပ်နေသည့် မူဆယ်-ကျယ်ခေါင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နှင့် ပန်ဆိုင်းဂိတ်များကို ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် တရုတ်ဘက်ကဖွင့်လှစ်ပေးခဲ့သော်လည်း COVID-19 ရောဂါ ကူးစက်မှုအခြေအနေကြောင့် မြန်မာဘက် ခြမ်းမှာ ယနေ့အချိန်အထိ ပိတ်ထားဆဲဖြစ်သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly