ထိုင်းအာဏာပိုင်များက ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကို လုံခြုံရေးတိုးမြှင့်ချထား

By ကိုရွှေမြိတ်(မဇ္ဈိမ)
14 March 2023
ထိုင်းအာဏာပိုင်များက ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကို လုံခြုံရေးတိုးမြှင့်ချထား

မြန်မာ-ထိုင်းနယ်စပ်တစ်ခုဖြစ်သော ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်တွင် မြန်မာဖက်ခြမ်းမှတိုက်ပွဲများကြောင့် ထိုင်းစစ်တပ်က ယခုရက်ပိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ချထားပြီး ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အမှတ် (၁၂) ထိုင်းခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။

ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားမှုကို မတ်လ ၁၂ ရက်နေ့မှ စတင်ပြုလုပ်နေခြင်း ဖြစ်သည်။ မကြာ သေးမီက မြန်မာဖက်ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားသဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာသော စစ် ဘေးရှောင်များ  လာသည့်လမ်းကြောင်းတွင် ထိုင်းစစ်တပ်က သံဆူးကြိုးများ ကာရံထားခြင်း၊ လက်နက် ကြီးများချထားခြင်းနှင့် ထိုင်းစစ်သားများ အစောင့်ချထားခြင်းများပြုလုပ်ထားကြောင်း အမှတ် (၁၂) ထိုင်းခြေမြန် တပ်ရင်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တကယ်တမ်းတိုက်ပွဲဖြစ်လာရင်တော့ စစ်ရှောင်တွေကို ထိုင်းဖက်က ပြန်လက်ခံပေးနိုင်တဲ့ အခြေအနေ တော့ရှိနိုင်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အရင်တစ်ခေါက်ကလည်း ထိုင်းအာဏာပိုင်းတွေက လက်ခံ ထားလို့ပါ။ အခုလည်း နေရပ်မပြန်ရဲသေးတဲ့စစ်ရှောင်တွေ အနည်းငယ်ရှိနေသးတယ်"ဟု စစ်ရှောင် အရေး ကူညီပေးနေသူတစ်ဦးကပြောသည်။

လက်ရှိ လုံခြုံရေးတင်းကျပ်ထားသည့် နယ်စပ်မျဥ်း တဖက်ကမ်း ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် ခွဲ၊ ရှမ်းကိုးရွာဒေသ၊ ဝိုင်းဒင်ရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက် သေဆုံးမှုများရှိခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲများကြောင့်  ဝိုင်ဒင်းရွာ အပါအဝင် ရှမ်းကိုးရွာမှ ဒေသခံ ၂၀၀ နီးပါးသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြရာ စစ်ကောင်စီတပ်ဖွဲ့က စစ်ဘေးရှောင်ပြည်သူများကို ဖိအားပေးပြီး နေရပ်ပြန် ရန် ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

စာတည်း။     ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required