မွန်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ဆားကွင်းများပျက်စီး

By ဂျူချန်း (မဇ္ဈိမ)
14 March 2023
မွန်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ဆားကွင်းများပျက်စီး

မွန်ပြည်နယ်တွင် အချိန်အခါမဟုတ်မိုးရွာသွန်းခဲ့သဖြင့် နေလှန်းဆားကွင်းများပျက်စီးခဲ့ရ ကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများမှ သိရသည်။

ဆားလုပ်ငန်းအား အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် စတင်လုပ်ကိုင်ကြပြီး မိုးမကျခင် ဧပြီလနှင့် မေလများတွင် ဆားရာသီသိမ်းကြလေ့ရှိရာ ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ညပိုင်းက မိုးရွာသွန်းမှုကြောင့် ဆားကွင်းများအတွင်းသို့ မိုးရေဝင်ကာ ပျက်စီးခဲ့ရကြောင်း ဆားတောင်သူများက မဇ္ဈိမကို ပြောသည်။ 

“အမတို့ဆီမှာ ည ၉ နာရီလောက်က မိုးရွာတယ်။ မိုးက ကွက်ကြားမိုးဆိုတော့ ထိတဲ့ဆားဖိုတွေက တော် တော်ထိသွားလိမ့်မယ်။ အနည်းဆုံး နှစ်ပတ်လောက်က အချိန်ပြန်ယူရလိမ့်မယ်။ ကြားမှာ မိုးထပ်ရွာရင် တော့ ပြန်ပျက်မှာပေါ့” ဟု ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဆားက မိုးထိတော့ အရည်ပျော်သွားတာပေါ့။ အဲဒါကိုပြန်ပြင်ရတော့ အလုပ်ရှုပ်တာပေါ့။ ရာသီဥတုပေါ် မူတည်တယ်။ ၁၅ ရက်လောက်တော့ နေပြန်လှန်းရမယ်” ဟု ဆားတောင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နှစ် ၂၀၂၂ တွင်လည်း  ဆားဖျက်မိုးကြောင့် ဆားကွင်းအတွင်း ရေဝင်သဖြင့် ဆားတောင်သူများ အရှုံးပေါ်ခဲ့ရကြောင်း သိရသည်။

“မနှစ်ကလည်း မိုးပဲဖျက်နေတော့ ဆားသိပ်မထွက်ဘူး။ ဟိုတစ်နှစ်က ဆားထွက်များတယ် ဒါပေမယ့် ဈေးက ၅၀၊ ၇၀ အဲ့လောက်ပဲရှိတော့ မမြတ်ဘူး။ ဒီနှစ်ကတော့ လောလောဆယ် ဆားဈေး ၁၈၀၊ ၂၀၀ လောက်ရှိတယ်လို့ ကြားတယ်။ တကယ်လို့ ဒီထက်ဈေး ကျသွားမယ် ၁၅၀ အောက်ဆိုရင် ရှုံးပြီ” ဟု ဆား လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ကုန်ဈေးနှုန်းကြီးမြင့်လာသည်နှင့်အမျှ ဆား လုပ်ငန်းအပေါ်လည်း တိုက်ရိုက်သက်ရောက်မှု ရှိကြောင်း သိရသည်။

“အလုပ်သမားခတွေဆို အရင်လိုပေးလို့မရတော့ဘူး။ မြှင့်ပြီးပေးရတယ်။ ဆီတွေလည်း တအားဈေးကြီး လာတယ်။ အရင်က ဆီတစ်ပေပါမှ တစ်သိန်းခွဲလောက်ပဲကျတယ်။ အခုက ခုနစ်သိန်းနီးပါးပေးရတယ်။ အဲဒါတွေကွာတယ်” ဟု ၎င်းကပြောသည်။

မွန်ပြည်နယ်တွင် ရေးမြို့၊ သံဖြူဇရပ်မြို့နှင့် ပေါင်မြို့နယ်တို့၌ ဆားလုပ်ငန်းအများဆုံး လုပ်ကိုင်လျက်ရှိရာ ထွက်ရှိလာသည့် ဆားများအား နိုင်ငံတွင်းရှိ ပြည်နယ်နှင့်တိုင်းများတွင် တင်ပို့ရောင်းချကြကြောင်း သိရ သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly