အဓမ္မမှု ကျူးလွန်ခံရသည့် ဒုက္ခသည် အမျိုးသမီးများ၏  DNA စစ်ဆေးချက်ရလျှင် စခန်းတာဝန်ခံကို တရားစွဲဆိုသွားမည်ဟုဆို 

By သူသူဇော် (မဇ္ဈိမ)
14 March 2023
အဓမ္မမှု ကျူးလွန်ခံရသည့် ဒုက္ခသည် အမျိုးသမီးများ၏  DNA စစ်ဆေးချက်ရလျှင် စခန်းတာဝန်ခံကို တရားစွဲဆိုသွားမည်ဟုဆို 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဆေးသမားကြီးအုပ်စုရှိ ဖွဲရာကုန်းမွတ်ဆလင်ဒုက္ခသည်စခန်းတွင် မွတ်ဆလင်အမျိုးသမီးငယ် ကိုးဦးအား စခန်းတာဝန်ခံမှ အဓမ္မပြုကျင့်သည်ဟုသိရပြီး လက်ရှိတွင် စခန်းတာဝန်ခံအား တရားစွဲဆိုနိုင်ရန်အတွက် အမျိုးသမီးများ၏ DNA စစ်ဆေးချက် တင်ထားကြောင်း သိရသည်။ 

အမှုတွင် ပါဝင်သည့် လိုပြသက်သေများကို စစ်ဆေးမှုပြီးစီးပြီဖြစ်ကာ ပြီးခဲ့သည့် မတ်လ ပထမပတ်တွင် အဓမ္မကျူးလွန်ခံရသူများ၏  DNA  အဖြေအား စစ်ဆေးချက်တင်ထားပြီး အဖြေရသည့်အချိန်တွင် စခန်းတာဝန်ခံ   ဦးအုစ်ဖာန်ဂေါ်နီကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသမီးများအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။ 

“ မတ်လ ပထမပတ်လောက်ကနေ DNA တင်ထားပါတယ်။ ဒဏ်ရာရတဲ့ အမျိုးငယ်တစ်ယောက်ကိုလည်း ဓာတ်မှန်ရိုက်ထားတယ်။ ကျန်တာတွေကိုလည်း အကုန် DNA ယူထားတယ်။ တခြားလိုအပ်တဲ့ စစ်ဆေးမူတွေတော့ ပြီပါပြီး။ လက်ရှိမှာတော့ DNA စောင့်နေပါတယ်။ DNA ရတာနဲ့  တရားစွဲတင်ဖို့အတွက် ဥပဒေအရ အကြံပေးမှုယူမယ်ပေါ့။ DNA ကတော့ ၁၅ ရက်လောက်တော့ ကြာတတ်တယ်လေ။ လောလောဆယ်တော့ တင်ထားတုန်းပါ။ ”ဟု ၎င်းက ဆိုသည်။ 

ဖွဲရာကုန်းမွတ်ဆလင်စခန်းတွင် အမျိုးသမီး ၄၀ကျော်ခန့်ထက်မနည်း စခန်းတာဝန်ခံမှ အဓမ္မပြုကျင့်မှုများရှိခဲ့သော်လည်း လက်ရှိတွင် စခန်းအတွင်းမှ အမျိုးသမီး ကိုးဦးက စတင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ညိုအေးက ဆက်ပြောသည်။ 

“အခုက တရားစွဲတာက ကိုးယောက်ပါပဲ၊ တခြားပြုကျင့်ခံရတဲ့ သူတွေက သူတို့လူမျိုးတွေရဲ့ ထုံတမ်းအစဉ်အလာအရ ယောက်ျားရဖို့ စိုးတာကြောင့် ထုတ်ပြောဖို့ကို ဝန်လေးကြတယ်။ တချို့ကလည်း လင်ဖြစ်သူနဲ့ ကွဲရမှာ ကြောက်တာ တစ်ကြောင်းပေါ့လေ။ နောက်ပြီး တချို့ကလည်း တရားဥပဒေကို ရင်ဆိုင်ဖို့အတွက် မလာရဲတာလည်းရှိတယ်။ အခုက လင်ရှိတဲ့ အမျိုးသမီးတွေပါတယ်။ အပျိုတွေကလည်းပါတယ်။ ကလေးအမေတွေလည်းပါတယ်။ မသန်စွမ်းတဲ့တစ်ယောက်လည်းပါတယ်။  အခု case တွေက ၂၀၂၂ခုနှစ်နဲ့ ၂၀၂၃ခုနှစ်တွေအတွက်ကို စုထားတာပါ။ အခုအမှုတွေကတော့ အကုန်လုံးနီးစပ်ပါတယ်။ နောက်ဆုံးဖြစ်စဉ်တွေလို့ ပြောရမယ်ပေါ့။  ” ဟု ဒေါ်ညိုအေးက ဆက်ပြောသည်။ 

လက်ရှိ တရားစွဲဆိုလာသူ အမျိုးသမီးငယ် ကိုးဦးမှာ မသန်စွမ်းအမျိုးငယ်တစ်ဦးအပါအဝင် အသက် ၁၄နှစ်နှင့် ၃၄နှစ်ကြားအရွယ် အမျိုးသမီးများဖြစ်ကြောင်း သိရသည်။ 

ယင်းကဲ့သို့ အဓမ္မပြုကျင့်ခြင်းဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၇ခုနှစ်ကတည်းမှ စ၍ မွတ်ဆလင်အမျိုးသမီး အများအပြားအား စခန်းတာဝန်ခံ  ဦးအုစ်ဖာန်ဂေါ်နီက အကြမ်းဖက်နေခြင်းဖြစ်ကြောင်း စခန်းအတွင်းမှ အမျိုးသမီးများ၏ ပြောဆိုချက်အရ သိရသည်။ ယခု စွဲဆိုထားသည့် အမျိုးသမီးငယ် ကိုးဦး၏  ဖြစ်စဉ်မှာလည်း  ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် အတွင်း အကြမ်းဖက်မှု ကိစ္စရပ်များဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ 

ယခုကဲ့သို့ ဖြစ်စဉ်များမှာ  လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည့်အတွက် အမျိုးသမီးများ၏ ရပိုင်ခွင့်နှင့် ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း ဒေါ်ညိုက ဆိုသည်။ 

“ဘာတွေပြောချင်လဲဆိုတော့ မဖြစ်သင့်တဲ့ လူ့အခွင့်အရေးချိုးဖောက်မူတွေပေါ့။ မဖြစ်သင့်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သူတို့ခံနေရတဲ့အခါ ကျမတို့အနေနဲ့ အထူးပြောချင်တာက အမျိုးသမီးဖြစ်တဲ့အတွက်နဲ့  အမျိုးသားတွေနဲ့ မတူတဲ့ ဖြစ်တည်မှု တစ်ခုရှိတော့ သူတို့က လုပ်တာတွေ အကုန်ခံ နေရတယ်ပေါ့။ အဲဒီအပေါ်မှာ ယူကျုံးမရလည်း ဖြစ်မိတယ် ။ ” ဟု ၎င်းက ဆိုသည်။ 

အဓမ္မပြုကျင့်ခံရသည့် အမျိးသမီးများအနေဖြင့် ယခုကဲ့သို့ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်နှင့် တခြားစစ်ဘေးရှောင်စခန်းများကိုလည်း စိစစ်ပေးပြီး ပြစ်မူကျူးလွန်သူများကို ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် လိုအပ်ကြောင်း မီဒီယာများကို ပြောဆိုထားကြသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly