ချန်ပီယံဆုကို အိပ်မက် မမက်သေးဟု လက်စတာနည်းပြ ရာနီရေရီ ဆို

ချန်ပီယံဆုကို အိပ်မက် မမက်သေးဟု လက်စတာနည်းပြ ရာနီရေရီ ဆို

မတ် ၂၀၊ အင်္ဂလန် ။            ။ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရပြီးနောက်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ဆက်လက်ဦးဆောင်နေသော်လည်း လက်စတာအသင်းနည်းပြ ရာနီရေရီက ချန်ပီယံဆုကို အိပ်မက် မမက်သေးကြောင်း ပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးရန် ၇ ပွဲသာ လိုတော့သည့် အချိန်တွင်  လက်စတာအသင်းသည် ရမှတ် ၆၆ မှတ် ရရှိထားပြီး ဒုတိယနေရာမှ စပါးကို ရှစ်မှတ် ဖြတ်ထားသည်။ စပါးအနေဖြင့် ဘုန်းမောက်အသင်းကို အနိုင်ကစားနိုင်ခဲ့ပါက ရမှတ် ၅ မှတ်သာကွာဟမည်ဖြစ်ပြီး သရေကျခဲ့ပါက ၇ မှတ်၊ ရှုံးခဲ့ပါက ၈ မှတ်ကွာဟသွားမည် ဖြစ်သည်။

သို့သော် လက်စတာနည်းပြ ရာနီရေရီက ကစားသမားများကို စိတ်အေးအေးထားပြီး ဆက်လက်အာရုံစူးစိုက်ထားရန် ပြောဆိုခဲ့သည်။ 'အာရုံစူးစိုက်မှုက ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်။ အခု အခြားအသင်းတွေကလည်း ကြိုးစားနေကြပါတယ်။

အခု ကျွန်တော်တွေးတာကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အရမ်းကို နီးစပ်နေပါပြီ။ ဒါက ကြီးမားတဲ့ အောင်မြင်မှုပါပဲ။ တစ်ဆင့်ချင်းစီပဲ ဆက်သွားပါမယ်။

ချန်ပီယံဆုကို အိပ်မက် မမက်သေးပါဘူး။ ချန်ပီယံလမ်းကြောင်းနဲ့ ပွဲစဉ်တိုင်းရဲ့ ကြားမှာ နှိုင်းယှဉ်မှု လုပ်ပါတယ်။ အဆုံးမှာ ဘာတွေ ဖြစ်လာမယ်ဆိုတာ မသိနိုင်ပါဘူး။

အသင်းပရိသတ်တွေက ချန်ပီယံဆုအတွက် သီချင်းတွေ သီဆိုနေကြတာ တကယ်ကို ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်အေးအေး ထားဖို့ လိုပါတယ်။ ဆက်ပြီး အများကြီး ကြိုးစားရဦးမှာပါ။ လာမယ့် ပွဲစဉ် နှစ်ပွဲလောက်ပြီးရင်တော့ အခုထက်ပိုပြီး ပြောနိုင်ပါလိမ့်မယ်' ဟု ရာနီရေရီက ပြောသည်။

လက်စတာအသင်းသည်  ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲကစားရန် ကျန်ရှိနေရာတွင် အိမ်ကွင်းပွဲစဉ် လေးပွဲနှင့် အဝေးကွင်းပွဲစဉ် သုံးပွဲ ကစားရမည် ဖြစ်သည်။ ဆောက်သမ်တန်၊ ဝက်စ်ဟမ်း၊ ဆွမ်ဆီး၊ အဲဗာတန်တို့ကို အိမ်ကွင်းတွင် ဧည့်ခံရမည်ဖြစ်ပြီး ဆန်းဒါးလန်း၊ မန်ယူ၊ ချယ်လ်ဆီးတို့ကို အဝေးကွင်းတွင် သွားရောက် ရင်ဆိုင်ရမည် ဖြစ်သည်။

Ref: thesun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly