ပညာသင်ကြားရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အာဖဂန်အမျိုးသမီးများ ဆန္ဒပြ

By ANI  
14 March 2023
ပညာသင်ကြားရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အာဖဂန်အမျိုးသမီးများ ဆန္ဒပြ

အာဖဂန်အမျိုးသမီးငယ်များသည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးများပညာသင်ကြားခွင့်နှင့် အလုပ်အကိုင်အခွင့်အရေးရရှိရေးအတွက် တာလီဘန်အစိုးရကို ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း Tolo News က ဖော်ပြသည်။

ဆန္ဒပြပွဲကို မတ်လ ၈ ရက်တွင် ပြုလုပ်ခဲ့ပြီး အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများအပေါ် ကန့်သတ်ချက်များကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။

"မတ်လ ၈ ရက်နေ့ ဖြစ်ပေမယ့် အာဖဂန်နစ္စတန်မှာ အမျိုးသမီးများနေ့ ကျင်းပဖို့ အခွင့်အရေး မရှိပါဘူး။ ကျွန်မ တို့က ဒီနိုင်ငံမှာ အကျဉ်းကျခံထားရတဲ့ အမျိုးသမီးတွေပါ။ ကန့်သတ်ချက်တွေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပါတယ်" ဟု အမျိုးသမီးအရေးလှုပ်ရှားမှုအဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။ .

အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ်က တာလီဘန်က အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးအခွင့်အရေးများကို ရက်ရက်စက်စက် နှိပ်ကွပ်ကာ မိန်းကလေးများကို အလယ်တန်းကျောင်းတက်ခွင့် တားမြစ်ခဲ့ပြီး ၉ လအကြာ ဒီဇင်ဘာလတွင် တက္ကသိုလ်တက်ခွင့်ပါ ထပ်မံပိတ်ပင်ခဲ့သည်။

တာလီဘန်တို့က အမျိုးသမီးများအား အင်န်ဂျီအိုတွင် အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်သောကြောင့် အဓိကနိုင်ငံခြား အကူအညီပေးရေးအဖွဲ့များစွာသည် အာဖဂန်အတွင်းရှိ ၎င်းတို့လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရသည်။

"ကမ္ဘာတစ်ဝန်းက အခြားနိုင်ငံက လူတွေလိုပဲ ကျွန်မတို့ အလုပ်လုပ်ဖို့ အခွင့်အရေးရှိသင့်ပါတယ်။ အစိုးရအဖွဲ့အစည်းရော အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာရော အလုပ်ရသင့်ပါတယ်" ဟု ဆန္ဒပြသူအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ အမျိုးသမီးများအပေါ် စိန်ခေါ်မှုများကို မေ့မထားသင့်ကြောင်း အမျိုးသမီး ဆန္ဒပြသူများက ကြေညာချက် ဖော်ပြထားသည်။

"ဒီနေ့အချိန်မှာ အမျိုးသမီးတွေဟာ အားကစားခန်းမတွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ပန်းခြံတွေဆီ သွားလို့မရတော့ပါဘူး" ဟု အမျိုးသမီးရေးလှုပ်ရှားမှုအဖွဲ့ဝင် ဖာကွာဇိုင်က ပြောကြားခဲ့သည်။

တာလီဘန်များက အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများနှင့် မိန်းကလေးများ၏ ရပိုင်ခွင့်အတွက် ကတိပြုထားပြီး အစ္စလာမ္မစ်ဥပဒေများနှင့် အညီ အခွင့်အရေးများပေးကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly