အာဖဂန်နစ္စတန်က အမျိုးသမီးများအား အဖိနှိပ်ဆုံးနိုင်ငံဖြစ်လာ

By ANI 
14 March 2023
အာဖဂန်နစ္စတန်က အမျိုးသမီးများအား အဖိနှိပ်ဆုံးနိုင်ငံဖြစ်လာ

တာလီဘန်အုပ်ချုပ်သည့်အချိန်မှစ၍ အာဖဂန်နစ္စတန်သည် အမျိုးသမီးများနှင့် မိန်းကလေးများ၏  အခြေခံအခွင့်အရေးများစွာကို ခံစားခွင့်မပေးဘဲ ကမ္ဘာတွင် အဖိနှိပ်ဆုံးနိုင်ငံဖြစ်လာကြောင်း ကုလသမဂ္ဂက မတ်လ ၈ ရက်တွင် ထုတ်ပြန်သည်။

တာလီဘန် ခေါင်းဆောင်အသစ်များသည် အမျိုးသမီးများနှင့် မိန်းကလေးအများစုကို အိမ်တွင်းပိတ်မိနေစေသော စည်းမျဉ်းစည်းကမ်းများချမှတ်ရေးကိုသာ ပစ်မှတ်ထားလုပ်ဆောင်နေကြောင်း အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂအဖွဲ့က နိုင်ငံတကာအမျိုးသမီးများနေ့ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ 

အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ (UNAMA) ခေါင်းဆောင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရိုဇာ အိုတွန်ဘာယက်ဗာက မကြာသေးမီက တာလီဘန်တို့၏  အမျိုးသမီးအခွင့်အရေး ဖိနှိပ်ချုပ်ချယ်မှု အမိန့်များကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

တာလီဘန်ခေါင်းဆောင်များသည် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အာဏာရလာသည့် အချိန်မှစ၍ မိန်းကလေးများနှင့် အမျိုးသမီးများအတွက် အလယ်တန်းနှင့် တက္ကသိုလ်ပညာရေးကို ပိတ်ပင်ခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် အမျိုးသမီးများကို အလုပ်လုပ်ကိုင်ခွင့်ကို တားမြစ်ကာ အမျိုးသမီးများကို ခေါင်းမှ ခြေဖျားအထိ လုံခြုံသောအဝတ် ဝတ်ရန် အမိန့်ပေးခဲ့သည်။

အမျိုးသမီးများကို နေအိမ်များတွင်ထားကာ ကန့်သတ်ချုပ်ချယ်ခြင်းသည်  ကမ္ဘာ့အကြီးမားဆုံးသော လူသားချင်းစာနာထောက်ထားမှုနှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများ ဖြစ်စေသော အကြောင်းတရားတစ်ခု ဖြစ်ပြီး နိုင်ငံအတွက် အလွန်အမင်း ထိခိုက်စေသည့် လုပ်ရပ်ဖြစ်သည်ဟု ရိုဇာက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ အလုပ်အကိုင်ရရှိမှုသည် ၂၀၂၂ ခုနှစ်၏ နောက်ဆုံး ၃ လပတ်တွင် ၂၀၂၁ ခုနှစ် အလားတူကာလထက် ၂၅ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး အဓိကအားဖြင့် အလုပ်နှင့်ခရီးသွားရသည့် နေရာများတွင် ကန့်သတ်ချက်များ ရှိလာခြင်းကြောင့်ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က ထုတ်ပြန်သည်။

အာဖဂန်အမျိုးသမီးများသည် ဝတ်စားဆင်ယင်မှု စည်းမျဉ်းများကို မလိုက်နာကြသလို အင်ဂျင်နီယာနှင့် စိုက်ပျိုးရေးကဲ့သို့သော ဘာသာရပ်များကို လေ့လာသင်ယူခြင်းကြောင့် ပညာသင်ကြားခွင့် ယာယီပိတ်ပင်ခြင်းဖြစ်သည်ဟု တာလီဘန်ခေါင်းဆောင်များက ကာကွယ်ပြောဆိုခဲ့သည်။

အထူးသဖြင့် ပညာရေးနှင့် အင်န်ဂျီအိုလုပ်ငန်းများတွင် အမျိုးသမီးများ အလုပ်လုပ်ခြင်းကို တားမြစ်ပိတ်ပင်မှုအပေါ် နိုင်ငံတကာက အပြင်းအထန် ရှုတ်ချခဲ့ကြသည်။
တက္ကသိုလ်ပညာရေးကို ပိတ်ပင်ထားမှုနှင့်ပတ်သက်၍ တာလီဘန်အစိုးရက သင်ကြားပို့ချပေးနေသည့် ဘာသာရပ်အချို့သည် အာဖဂန်နစ္စတန်နှင့် အစ္စလာမ်တန်ဖိုးများနှင့် မကိုက်ညီကြောင်း ပြောကြားသည်။

အဆိုပါ ကန့်သတ်ချက်များကြောင့် မိမိကိုယ်ကို သတ်သေမှု၊ အရွယ်မရောက်ခင်လက်ထပ်ထိမ်းမြားမှု၊ စောစီးစွာ ကလေးမွေးဖွားမှု၊ ဆင်းရဲမွဲတေမှုနှင့်ဆက်နွှယ်သည့် ဆုံးရှုံးမှုများနှင့် အမျိုးသမီးများကြား အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှု အန္တရာယ်များ အပါအဝင် ပြင်းထန်သော နောက်ဆက်တွဲ သက်ရောက်မှုများ ဖြစ်စေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

အာဖဂန်အမျိုးသမီးနှင့် မိန်းကလေး ၁၁ ဒသမ ၆ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော် တာလီဘန်က အင်န်ဂျီအိုများတွင် အမျိုးသမီးများ အလုပ်လုပ်ခြင်းကို တားမြစ်ထားသောကြောင့် နိုင်ငံတကာ အကူအညီပေးရေး ကြိုးပမ်းမှုများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly