ဒီမိုကရေစီအရေးလှုပ်ရှားသည့် ဟောင်ကောင်တက်ကြွလှုပ်ရှားသူ ၃ ဦး ထောင်ဒဏ် ၄ လခွဲစီ ချမှတ်ခံရ 

By ANI 
14 March 2023
ဒီမိုကရေစီအရေးလှုပ်ရှားသည့် ဟောင်ကောင်တက်ကြွလှုပ်ရှားသူ ၃ ဦး ထောင်ဒဏ် ၄ လခွဲစီ ချမှတ်ခံရ 

တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တီယန်နန်မင်ရင်ပြင်၌ ၁၉၈၉ ခုနှစ်က ဖြစ်ပွားခဲ့သော ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပွဲများ ဖြိုခွင်းခံရမှု အထိမ်းအမှတ်အဖြစ် ဟောင်ကောင်တွင် နှစ်ပတ်လည်ဆန္ဒပြပွဲ စီစဉ်ခဲ့သူ ၃ ဦးသည် နိုင်ငံတော်လုံခြုံရေး ဥပဒေကို လိုက်နာခြင်းမရှိသည့်အတွက်  မတ်လ ၁၁ ရက်က ထောင်ဒဏ် ၄ လခွဲ ချမှတ်ခံခဲ့ရကြောင်း Hong Kong Free Press (HKFP) သတင်းတွင် ဖော်ပြထားသည်။ 

ချောင် ဟန်-တန်း၊ တန် ငေါ့-ကွမ်နှင့် ဆို ဟွန်-ကွမ် တို့သည် နိုင်ငံတော်လုံခြုံရေး ရဲတပ်ဖွဲ့၏ သတိပေးချက်ကို လိုက်နာရန် ပျက်ကွက်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ၎င်းတို့သည် တရုတ်မျိုးချစ်ဒီမိုကရက်တစ် လှုပ်ရှားမှုများကို ထောက်ခံသည့် ဟောင်ကောင်မဟာမိတ်အဖွဲ့ခေါင်းဆောင်များဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်က အပြစ်ရှိကြောင်း စီရင်ချက်ချခံခဲ့ရသည်။  

ဟောင်ကောင်ခေါင်းဆောင်က ရွေးချယ်ထားသည့် နိုင်ငံတော်လုံခြုံရေးဥပဒေဆိုင်ရာ တရားသူကြီးများတွင် ပါဝင်သည့် ရာဇဝတ်တရားသူကြီးချုပ် ပီတာလော၏ ရှေ့မှောက်တွင် အနောက်ပိုင်း ကော်လွန်းရာဇဝတ်တရားရုံးက ၎င်းတို့ကို စီရင်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

တီယန်မင်ရင်ပြင်၌ ၁၉၈၉ ခုနှစ်က ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများကို တရုတ်စစ်တပ်က ဖြိုခွင်းသည့် နှစ်ပတ်လည်နေ့တွင် ဟောင်ကောင်၌ ဖယောင်းတိုင်မီးထွန်းဆန္ဒပြပွဲများ စီစဉ်ခဲ့ခြင်းအတွက် လူသိများခဲ့သော  အဆိုပါမဟာမိတ်အဖွဲ့သည် ယခုအခါ ဖျက်သိမ်းထားပြီ ဖြစ်သည်။ တရုတ်က ပြဋ္ဌာန်းထားသော နိုင်ငံတော်လုံခြုံရေးဥပဒေအရ အဆိုပါအဖွဲ့ကို ဖျက်သိမ်းရန် ၂၀၂၁ ခုနှစ်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ 

အခြားတရားခံ၂ ဦးဖြစ်သည့် ဆိုင်မွန်လျန်း နှင့် ချန် တူး-ဝေ တို့ကလည်း အပြစ်ရှိကြောင်း ဝန်ခံခဲ့ကာ ထောင်ဒဏ် ၃ လ ချမှတ်ခံခဲ့ရကြောင်း HKFP သတင်းတွင် ဖော်ပြထားသည်။

“မိမိတို့ မဟာမိတ်အဖွဲ့သည့် ပြည်ပကိုယ်စားလှယ်အဖွဲ့မဟုတ်ကြောင်းနှင့် နှစ်ချီရင်ဆိုင်ရသည့်အမှုတွင် သက်သေပြနိုင်သည့် အထောက်အထားလည်း မထွက်ပေါ်ခဲ့ကြောင်း” ချောင် ဟန်-တန်း၏ အယူခံတွင် ဖော်ပြထားသည်။ 
“ဒီလိုအခြေအနေမျိုးမှာ မိမိတို့ကို ပြစ်ဒဏ်ချမှတ်တာဟာ အမှန်တရားကို ခုခံကာကွယ်တဲ့ ပြည်သူတွေကို အပြစ်ပေးတာ ဖြစ်ပါတယ်” ဟု ချောင် ဟန်-တန်းက ပြောကြားခဲ့သည်။

ပြစ်ဒဏ်များချမှတ်ရာတွင် ရာဇဝတ်တရားသူကြီးချုပ် ပီတာလောက အဆိုပါအမှုသည် ဥပဒေသစ်အရ ပထမဆုံး စီရင်ချက်ချခြင်း ဖြစ်ပြီး ဥပဒေချိုးဖောက်မှုမှန်သမျှကို ကင်းလွတ်ခွင့်ပေးမည်မဟုတ်ဟု ပြည်သူတွေထံ သတင်းစကားပါးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါမှုကို ကိုင်တွယ်ရန် ဟောင်ကောင်ခေါင်းဆောင်က အတည်ပြုခဲ့သည့် ပီတာလော က ၄ လခွဲ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးရန် အကြောင်းမရှိဟု ပြောကြားခဲ့ကြောင်း Nikkei Asia သတင်းတွင် ဖော်ပြထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required