ချောင်းဦးတွင် ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး ဟုဆို

By ပါခွီး (မဇ္စျိမ)
13 March 2023
ချောင်းဦးတွင် ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး ဟုဆို

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်ကောင်စီတပ်သားများ ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်းမှ ဒုတပ်ရင်းမှူးထံက သိရသည်။

ယနေ့ မတ်လ ၁၃ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် ငါးယှန်ရွာ၌ အထိုင်ချထားသော စစ်ကောင်စီ တပ်သားများ ချောင်းဦးမြို့နှင့် ငါးယှန်အကြား ကင်းပုန်းဝပ်ရန်ထွက်ခွာလာချိန်တွင် မိုင်းဆွဲတိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့က သူတို့ကင်းပုန်းဝပ်တတ်တဲ့နေရာတွေမှာ မိုင်းကြိုခင်းထားတာ၊ နှစ်ယောက်သေပြီး ဒဏ်ရာ ရသွားတဲ့သူတွေလည်း ရှိတယ်”ဟု မုံရွာခရိုင် အမှတ်(၁၂)ဒုတပ်ရင်းမှူး ကိုအောင်ဇေကမဇ္စျိမကို ပြော သည်။

အဆိုပါ စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်း သုံးလုံးတွဲ နှစ်ခုဖြင့် မုံရွာခရိုင် အမှတ်(၁၂) တပ်ခွဲ (၁) ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးရဲဘော် များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် သေဆုံးဒဏ်ရာရရှိသူများကို ချောင်းဦးမြို့ဘက်သို့ သယ်ဆောင်သွားကြောင်း မုံရွာခရိုင် အမှတ်(၁၂) ဒုတပ်ရင်းမှူး ကိုအောင်ဇေကပြောသည်။

မုံရွာမြို့နှင့် စစ်ကိုင်းမြို့အကြားတွင် စစ်ကောင်စီတပ်ဖွဲ့က ကင်းစခန်းများကို ခပ်စိပ်စိပ်တည်ဆောက် လာနေပြီး ၎င်းတို့၏ ထောက်ပို့လမ်းကြောင်းကို စိုးမိုးနိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ကိုအောင်ဇေက သုံးသပ်ပြောဆိုသည်။

မုံရွာခရိုင် အမှတ်(၁၂)အနေဖြင့် ကျစ်လစ်သည့် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းတည်ဆောက်ပြီးဖြစ်ကာ ဆက် လက်၍ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုကို အသိပေးထားသည်။

မတ်လ ၃ ရက် နံနက် ၁၀ နာရီအချိန်ကလည်း မန္တလေးမှ မုံရွာမြို့သို့ ထွက်ခွာလာသော ကား ၁၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို မုံရွာခရိုင် အမှတ်(၁၂) တပ်ခွဲ(၁) မိုင်းတပ်ဖွဲ့က  ချောင်းဦးမြို့နယ်အတွင်း စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required