အာဖဂန်မြေကို အကြမ်းဖက်လှုပ်ရှားမှုများအတွက် အသုံးမပြုရန် အိန္ဒိယနှင့် ဗဟိုအာရှ ၅ နိုင်ငံက တာလီဘန်ကို ဖိအားပေး

By Economic Times
13 March 2023
အာဖဂန်မြေကို အကြမ်းဖက်လှုပ်ရှားမှုများအတွက် အသုံးမပြုရန် အိန္ဒိယနှင့် ဗဟိုအာရှ ၅ နိုင်ငံက တာလီဘန်ကို ဖိအားပေး

အာဖဂန်နစ္စတန်မြေကို အကြမ်းဖက်လုပ်ရပ်များအတွက် အသုံးမပြုရန်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူအားလုံး၏ အခွင့်အရေးကို လေးစားသည့် အားလုံးပါဝင်သောနိုင်ငံရေးဖွဲ့စည်းပုံတစ်ရပ် ဖွဲ့စည်းရန် အိန္ဒိယနှင့် ဗဟိုအာရှ ၅ နိုင်ငံတို့က မတ်လ ၇ ရက်က တာလီဘန်အစိုးရအား ဖိအားပေးတောင်းဆိုလိုက်သည်။ 

အိန္ဒိယနိုင်ငံ နယူးဒေလီတွင်ပြုလုပ်သော အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယ-ဗဟိုအာရှပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးတွင် စစ်ပွဲဒဏ်ခံခဲ့ရသောနိုင်ငံတွင်း အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အာဖဂန်သားအားလုံး၏အခွင့်အရေးများကို လေးစားလိုက်နာပြီး ပညာရေးကဏ္ဍအပါအဝင် အမျိုးသမီးများ၊ မိန်းကလေးများနှင့် လူနည်းစုများ  တန်းတူညီမျှ အခွင့်အရေးရရှိစေမည့်  အားလုံးပါဝင်သော  ကိုယ်စားပြုနိုင်ငံရေးဖွဲ့စည်းပုံတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများအား တက္ကသိုလ်ပညာသင်ကြားခွင့်ကို ပိတ်ပင်ကြောင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက တာလီဘန်၏ ဆုံးဖြတ်ချက်အပေါ်  အိန္ဒိယက အခြားထိပ်တန်းနိုင်ငံများနည်းတူ ဝေဖန်ပြစ်တင်ခဲ့သည်။
တာဝန်ရှိသူများသည် ဒေသတွင်း ခြိမ်းခြောက်မှုများ၊ အစွန်းရောက်မှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို ဆွေးနွေးခဲ့ကြပြီး အဆိုပါ ခြိမ်းခြောက်မှုများအား တန်ပြန်နိုင်ရေး ညှိနှိုင်းဆောင်ရွက်မည့် ဖြစ်နိုင်ခြေများကိုလည်း ဆွေးနွေးခဲ့ကြသည်။ 

အာဖဂန်နစ္စတန်၏ နယ်မြေအား အကြမ်းဖက်သမားများ ခိုလှုံရာ၊ လေ့ကျင့်ရာနှင့် အစီအစဉ် ပြုလုပ်ခြင်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များအတွက် ဘဏ္ဍာငွေထောက်ပံ့ခြင်းအတွက် အသုံးမပြုသင့်ကြောင်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၂၆၇ အရ သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့များ အပါအဝင် မည်သည့်အကြမ်းဖက်အဖွဲ့ကိုမျှ ခိုလှုံခွင့်မပေးသင့်သလို အာဖဂန်နစ္စတန်မြေကိုလည်း အသုံးပြုခွင့် မပြုသင့်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဆွေးနွေးပွဲတွင် အိမ်ရှင် အိန္ဒိယနိုင်ငံအပြင် ကာဇက်စတန်၊ ကာဂျစ်သမ္မတနိုင်ငံ၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့မှ အထူးသံတမန်များနှင့် အကြီးတန်းအရာရှိများ တက်ရောက်ကြသည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (UNWFP) တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။

နိုင်ငံရေး၊ လုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍများအပါအဝင် အာဖဂန်နစ္စတန်၏ လက်ရှိအခြေအနေအပေါ် တာဝန်ရှိသူများက အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆွေးနွေးပွဲတတ်ရောက်လာသူများက အချုပ်အခြာအာဏာ၊ စည်းလုံးညီညွတ်မှုနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားရန်နှင့် ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရန် အလေးပေးပြောကြားလျက် ငြိမ်းချမ်း လုံခြုံပြီး တည်ငြိမ်သော အာဖဂန်နစ္စတန်နိုင်ငံ ဖြစ်လစေရေး အထောက်အပံ့ပေးကြရန် ထပ်လောင်းပြောဆိုခဲ့ကြသည်။

အိန္ဒိယသည် အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရကို အသိအမှတ်မပြုသေးဘဲ အကြမ်းဖက်လုပ်ရပ်များအတွက် အခြားနိုင်ငံများအား အာဖဂန်မြေကို အသုံးချခွင့်မပေးရန် တောင်းဆိုထားကာ အမှန်တကယ် အားလုံးပါဝင်သည့် အစိုးရတစ်ရပ်ဖွဲ့စည်းရေး တိုက်တွန်းလျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly