အမျိုးသမီးများအား တက္ကသိုလ်တက်ရောက်ခွင့် ပိတ်ပင်ခြင်းက ယာယီသာဖြစ်ကြောင်း တာလီဘန် ပညာရေးဝန်ကြီး ပြောကြား

By Tolo News
13 March 2023
အမျိုးသမီးများအား တက္ကသိုလ်တက်ရောက်ခွင့် ပိတ်ပင်ခြင်းက ယာယီသာဖြစ်ကြောင်း တာလီဘန် ပညာရေးဝန်ကြီး ပြောကြား

အမျိုးသမီးများအား တက္ကသိုလ်တက်ရောက်ခွင့်ပိတ်ခြင်းသည် ယာယီဆုံးဖြတ်ချက်ဖြစ်ပြီး အမြဲတမ်း မဟုတ်ကြောင်း အဆင့်မြင့်ပညာရေး ယာယီဝန်ကြီး နီဒါမိုဟာမက်နာဒင်မ်က ပြောကြားသည်။

တာလီဘန် အကြီးအကဲများသည် နိုင်ငံသားအားလုံး၏ အခွင့်အရေးအတွက် ကတိကဝတ်ပြုထားကြောင်း ယာယီပညာရေးဝန်ကြီးက ဘွဲ့နှင်းသဘင် အခမ်းအနားတွင် အလေးအနက် ပြောကြားခဲ့သည်။

“မီဒီယာအားလုံးက အာရုံစိုက်နေတဲ့ ကိစ္စတစ်ခုရှိပါတယ်။ အဲဒါက အမျိုးသမီးပညာရေးကိစ္စပါ။ ဒါဟာ တားမြစ်ချက်လို့ အစကတည်းက မပြောခဲ့ပါဘူး။ ယာယီ ဆုံးဖြတ်ချက်သာဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။
အမျိုးသမီးနည်းပြများနှင့် ညွှန်ကြားရေးမှူးများ၏ လစာများလည်း လျှော့ချထားခြင်းမရှိကြောင်း နာဒင်မ်က ပြောကြားသည်။

ပြည်သူများအနေဖြင့် အစ္စလာမ်သာရေးဥပဒေနှင့် အာဖဂန်ယဉ်ကျေးမှုကို ဆန့်ကျင်သော တောင်းဆိုချက်များကို မတောင်းဆိုသင့်ကြောင်း  နာဒင်မ်က ဆိုသည်။ 

ထို့ပြင် တရားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ တာဝန်နှင့်ပတ်သက်၍ တရားသူကြီးများသည် ဆုံးဖြတ်ချက်များကို သတိဖြင့် လုပ်ဆောင်သင့်ကြောင်း ဒုက္ခသည်များနှင့်နေရပ်ပြန်ပို့ရေးဆိုင်ရာ  ယာယီဝန်ကြီး ခါလီရာမန်က ပြောကြားခဲ့သည်။
“တရားသူကြီးတွေဟာ တစ်စုံတစ်ယောက်ရဲ့ ဖိအားအောက်မှာ မရှိသင့်သလို ဆုံးဖြတ်ချက်တွေကို သတ္တိရှိရှိ ချမှတ်သင့်ပြီး ဖိအားတွေအောက်မှာ အလျှော့မပေးသင့်ပါဘူး” ဟု ၎င်းက ဆိုသည်။

တာလီဘန် အကြီးအကဲများအနေဖြင့် နိုင်ငံတွင်း ပညာရေးကဏ္ဍ အားကောင်းလာစေရန် ကတိကဝတ်ပြုထားကြောင်း ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးဆိုင်ရာ ယာယီဝန်ကြီးက အာမခံခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly