အငြင်းပွားနေသော နယ်စပ်တစ်လျှောက် အိန္ဒိယနှင့်တရုတ် စစ်ရေးတိုးချဲ့နေခြင်းကြောင့် ထိပ်တိုက်တွေ့နိုင်သည့် အန္တရာယ် မြင့်တက်လာ

By ANI
12 March 2023
အငြင်းပွားနေသော နယ်စပ်တစ်လျှောက် အိန္ဒိယနှင့်တရုတ် စစ်ရေးတိုးချဲ့နေခြင်းကြောင့် ထိပ်တိုက်တွေ့နိုင်သည့် အန္တရာယ် မြင့်တက်လာ

 အငြင်းပွားနေသော နယ်စပ်တစ်လျှောက်တွင် အိန္ဒိယနှင့်တရုတ် နှစ်ဖက်စလုံးမှ စစ်ရေးလှုပ်ရှားမှုများ တိုးချဲ့ နေခြင်းက နျူကလီးယားအင်အားကြီး နှစ်နိုင်ငံအကြား လက်နက်ကိုင် ထိပ်တိုက်တွေ့မည့် အန္တရာယ်ကို မြင့်မား စေကြောင်း အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်း၏ ခြိမ်းခြောက်မှုအကဲဖြတ်ချက်နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့စစ်ရေးတိုးချဲ့လာခြင်းသည် အမေရိကန်၏ လူပုဂ္ဂိုလ်များနှင့် အကျိုးစီးပွားများကို တိုက်ရိုက်ခြိမ်းခြောက်လာနိုင်သဖြင့် အမေရိကန်က ကြားဝင်ဆောင်ရွက်ပေးသင့်ကြောင်း တောင်းဆိုထားသည်ဟု အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

နယ်စပ်တွင် ၂၀၂၀ ပြည့်နှစ်က အသက်သေစေခဲ့သည့် တိုက်ပွဲများနောက်ပိုင်းတွင်လည်း အိန္ဒိယနှင့် တရုတ်ဆက်ဆံရေးတင်းမာနေဦးမည် ဖြစ်ကြောင်း အစီရင်ခံစတွင် ရေးသားထားသည်။  

နှစ်နိုင်ငံနယ်စပ်ရေးရာဆွေးနွေးပွဲများနှင့် နယ်ခြားမှတ်တိုင်ကိစ္စများဆွေးနွေးနေချိန်တွင် အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်း၏ ခြိမ်းခြောက်မှုအကဲဖြတ်ချက် နှစ်ပတ်လည် အစီရင်ခံစာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အစစ်အမှန်ထိန်းချုပ်မျဉ်း (LAC) တွင် ပဋိပက္ခအနည်းငယ်ကပင် ပြဿနာကြီးအဖြစ် လျှင်မြန်စွာ ထွက်ပေါ်လာနိုင်ကြောင်း အိန္ဒိယနှင့် တရုတ်၏ ယခင်ထိပ်တိုက်ရင်ဆိုင်မှုများက ဖော်ပြနေသည်ဟု အစီရင်ခံစာက ဆိုသည်။

အစစ်အမှန်ထိန်းချုပ်မျဉ်း (LAC) တွင် တရုတ်နှင့် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် အိန္ဒိယတပ်ဖွဲ့ဝင်များအနေဖြင့် တရုတ်မိုဘိုင်းလ်ဖုန်းများကို အသုံးမပြုရေး အကြံပေးချက်တစ်ရပ်ကို ကာကွယ်ရေးထောက်လှမ်းရေးဌာနများက မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

တရုတ်ထုတ် မိုဘိုင်းလ်ဖုန်းများတွင် အန္တရာယ်များသော ဆော့ဖ်ဝဲလ်နှင့် သူလျှိုဆော့်ဖ်ဝဲလ်များကို ထောက်လှမ်းရေးများက တွေ့ရှိခဲ့သဖြင့် အကြံပေးချက်ကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အိန္ဒိယစီးပွားရေးဈေးကွက်တွင်ရရှိနိုင်သည့် တရုတ်မိုဘိုင်းဖုန်းများမှာ Vivo၊ Oppo၊ Xiaomi၊ One Plus၊ Honor၊ Real Me၊ ZTE၊ Gionee၊ ASUS နှင့် Infinix တို့ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly