ဖတ်စာအုပ်များပြုစုသည့် ဝီဂါဆရာတစ်ဦး ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံရ

By RFA
12 March 2023
ဖတ်စာအုပ်များပြုစုသည့် ဝီဂါဆရာတစ်ဦး ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံရ

ဆာတီဝါဒီကာရမ်သည် တရုတ်နိုင်ငံ၊ အနောက်ဘက်စွန်း ရှင်ကျန်းဒေသ၊ အေတက်ရှ်မြို့ရှိ အလယ်တန်း ကျောင်းတွင် ဘဝတစ်လျှောက်လုံး ဆရာအဖြစ် လုပ်ကိုင်ခဲ့ပြီး ဝီဂါစာပေများ သင်ကြားပေးရန် စိတ်အားထက်သန်သူ ဖြစ်သည်။

ကာရမ်သည် ဒေသတွင်း နေထိုင်သူ ၁၁ သန်းကျော် ပြောဆိုသော တာကစ်ဘာသာစကားကို အထူးပြုလေ့လာသည့် ပညာရှင်အဖွဲ့နှင့် အလယ်တန်းနှင့် အထက်တန်းကျောင်းသူကျောင်းသားများအသုံးပြုမည့် ဖတ်စာအုပ်စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ရှင်ကျန်းပညာရေးဗျူရိုအကြီးအကဲ ဆက်တာဆာဝပ်၏ ဦးဆောင်မှုအောက်တွင် ကာရမ်သည် အခြားပညာရှင်များနှင့် အလုပ်လုပ်ခဲ့သည်။

ယခုအခါ အသက် ၅၂နှစ်အရွယ်ရှိ ကာရမ်က စာသင်ကြားရခြင်းကို မြတ်နိုးသူဖြစ်ပြီး အေတက်ရှ်မြို့ရှိ အမှတ် ၁ အလယ်တန်းကျောင်းတွင် စာသင်ကြားပေးခဲ့သည့် အတွေ့အကြုံများပေါ်အခြေခံ၍ ‘ကျွန်တော်၏ စာသင်ခန်းသစ်’ ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ခဲ့သည်။

သူသည် ဝီဂါဘာသာစကားဖြင့် ထုတ်ဝေသည့် Kezilsu Literature စာအုပ်တွင်လည်း ဇာတ်လမ်းများ ရေးသားခဲ့ပြီး စာပေနှင့်အနုပညာဆိုင်ရာပွဲများတွင် စာပေညွှန့်ပေါင်းစာအုပ်နှင့် သင်ကြားနည်းများကို ပြည်သူများကို ပို့ချမှုများ ပြုလုပ်သည့် လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည်။

ကာရမ်သည် စာအုပ်များတွင် ခွဲထွက်ရေးဝါဒကို ရေးသားအားပေးသည်ဟု  စွပ်စွဲခံရပြီး   အငြိမ်းစားယူခါနီး ၂၀၁၇ တွင် အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံရကာ ဆရာအဖြစ်မှ ရပ်ဆိုင်းခဲ့ရကြောင်း ဒေသခံရဲများက RFA သို့  ပြောကြားခဲ့သည်။

"ကာရမ်ဟာ ဖတ်စာအုပ်အသစ်တွေနဲ့ သင်ကြားပြသတဲ့အတွက် အဖမ်းခံရတာပါ။ သူက ပြဋ္ဌာန်းစာအုပ်အသစ်ထုတ်တဲ့ ဆရာအဖွဲ့ရဲ့ ကိုယ်စားလှယ်ပါ။ " ဟု ဖမ်းဆီးခံထားရသော ဝီဂါများ၏ အချက်အလက်များကို စာရင်းပြုစုသည့် ရှင်ကျန်းပြည်နယ် ကက်ရှ်ဂါ ဒေသခံဖြစ်သော နော်ဝေးအခြေစိုက် ဝီဂါတက်ကြွလှုပ်ရှားသူနှင့် ဘာသာဗေဒပညာရှင် အဗ္ဗဒူဝေလီအေယက်က ပြောကြားခဲ့သည်။

ကာရမ်ကို ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့ကြောင်း အနောက်ပိုင်းရှင်ကျန်းရှိ ကီဇူလ်စုကာဂျစ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရစီရင်စု၏ မြို့တော် အေတက်ရှ်မှ ပြည်သူ့လုံခြုံရေးဝန်ထမ်းတစ်ဦးက မကြာသေးမီက RFA သို့ အတည်ပြုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required