တရုတ်ဝင်ရောက်စွက်ဖက်မှုကို သည်းခံမည်မဟုတ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး ပြောကြား 

By Reuters
12 March 2023
တရုတ်ဝင်ရောက်စွက်ဖက်မှုကို သည်းခံမည်မဟုတ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး ပြောကြား 

 ကနေဒါတွင် ပြီးခဲ့သော ရွေးကောက်ပွဲ ၂ ခု၌ တရုတ် ဝင်ရောက်စွက်ဖက်ခြင်း ရှိ၊ မရှိ စုံစမ်းရန် တောင်းဆိုနေချိန်တွင် နိုင်ငံခြားရေးဝန်ကြီး မီလာနီဂျိုလီက ကနေဒါ၏ ပြည်တွင်းရေးတွင်  ပြည်ပ ဝင်ရောက်စွက်ဖက်မှုကို သည်းခံမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ပြောကြားလိုက်သည်။ 

"ကနေဒါရဲ့ ဒီမိုကရေစီနဲ့ ပြည်တွင်းရေးအပေါ် တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုမှန်သမျှကို သည်းခံမှာ မဟုတ်ပါဘူး" ဟု ဂျိုလီက နယူးဒေလီတွင် ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၏ သီးသန့်အစည်းအဝေး၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းနှင့် ပထမဆုံးတွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း မတ်လ ၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးနှင့် ထိပ်တန်းလုံခြုံရေးအရာရှိများက တရုတ်၏ ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုများကို အသိအမှတ်ပြုသော်လည်း ရွေးကောက်ပွဲရလဒ်များကို ပြောင်းလဲနိုင်ခဲ့ခြင်းမရှိကြောင်း  အခိုင်အမာ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ကနေဒါ ရွေးကောက်ပွဲ ၂ ကြိမ်စလုံးတွင် တရုတ်က ဝင်ရောက်စွက်ဖက်သည့် အစီအစဉ်များကို အမည်မဖော်လိုသည့် ထောက်လှမ်းရေးသတင်းရင်းမြစ်များကို ကိုးကား၍ ကနေဒါမီဒီယာက မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးနှင့် ထိပ်တန်း လုံခြုံရေးအရာရှိများက အဆိုပါသတင်းများကို အတည်မပြုခဲ့ပေ။ 

ကနေဒါရှိ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများက ကနေဒါရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်ပြီး  တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းက စွပ်စွဲမှုများသည် လုံးဝလွဲမှားယွင်းပြီး အဓိပ္ပာယ်မရှိကြောင်း မတ်လ ၃ ရက်တွင် တုံ့ပြန်ခဲ့သည်။

ပြည်တွင်းရေးကို တရုတ်က လျှို့ဝှက်စွာ စွက်ဖက်သည်ဟူသော ကနေဒါ၏ ပြောင်ပြောင်တင်းတင်း စွပ်စွဲမှုများသည် တင်းမာနေသော နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ပိုမိုဆိုးရွားစေသည်။

ကနေဒါပါလီမန် ၂ ရပ်စလုံးမှ ကော်မတီများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

ကနေဒါ၏ အဓိက အတိုက်အခံပါတီက ထရူးဒိုးအား အစိုးရ၏ စုံစမ်းစစ်ဆေးမှုကို မထောက်ခံသည့်အတွက် ပြစ်တင်ရှုတ်ချခဲ့ပြီး တရုတ်သြဇာလွှမ်းမိုးမှုကို ဖုံးကွယ်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly