အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တွင် တရုတ်လူမျိုးများအပေါ်  အကြမ်းဖက်တိုက်ခိုက်မှု ပိုမိုများပြားလာ

By ANI
12 March 2023
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တွင် တရုတ်လူမျိုးများအပေါ်  အကြမ်းဖက်တိုက်ခိုက်မှု ပိုမိုများပြားလာ

အာရှတစ်ဝန်းတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု ကြီးထွားလာချိန်တွင် ပထဝီအနေအထား၊ ဘာသာဗေဒနှင့် အယူဝါဒအရကွဲပြားမှုရှိသော အကြမ်းဖက်ကွန်ရက်များသည် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံကို ပစ်မှတ်ထားကာ ပိုမိုတိုက်ခိုက်လာကြကြောင်း Nikkei Asia က ဖော်ပြသည်။

ကဘူးလ်မြို့လယ်ရှိ Longan တရုတ် ဟိုတယ်၌ မကြာသေးမီက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား ၃ ဦး သေဆုံး၍ နိုင်ငံခြားသား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ကဘူးလ်ရှိ ပါကစ္စတန်သံရုံးမှ သံရုံးတာဝန်ခံကို ပစ်မှတ်ထားသည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက် အကြမ်းဖက်တိုက်ခိုက်မှုအပြီး ရက်ပိုင်းအကြာတွင် ဟိုတယ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တာလီဘန်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ရပြီး တရုတ်နိုင်ငံသားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက အခင်းဖြစ်ပြီး နောက်တစ်ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်သွေးကြွကွန်ရက်များ၏ တရုတ်ကို ပစ်မှတ်ထားတိုက်ခိုက်မှုနှင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အကြား ဗျူဟာမြောက်ဆက်စပ်မှုရှိနေကြောင်း ကျွန်းကျင်ပညာရှင်များက ရှုမြင်ထားကြသည်။

နောင်လာမည့်နှစ်များတွင် တရုတ်နှင့် ၎င်း၏ မဟာမိတ်များကို ပိုမိုဖိအားပေးတိုက်ခိုက်လာမည်ဟု ယူဆရသည်။

တရုတ်အကျိုးစီးပွားများ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံရပြီး လုံခြုံရေးစိုးရိမ်လာရသော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းရင်းနှီးမြှုပ်နှံမှုများကို အဓိက လုပ်ဆောင်သည့်  ပါကစ္စတန်တွင် တရုတ်သံတမန် ဆက်ဆံရေးရုံးကို ယာယီပိတ်ထားကြောင်း Nikkei Asia က ဖော်ပြသည်။

ပါကစ္စတန်တွင် တရုတ်လူမျိုးများအပေါ် ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်မှုများလည်း ရှိကြောင်း အမည်မဖော်လိုသူ ပါကစ္စတန်အစိုးရအရာရှိတစ်ဦးက ပြောသည်။ ထို့ကြောင့် မြို့တော်တစ်ဝန်းလုံးတွင် လုံခြုံရေးများ တိုးမြှင့်ချထားသည်ဟုဆိုသည်။

အာဖဂန်နစ္စတန်ကို ၂၀၂၁ ခုနှစ် သြဂုတ်လတွင် တာလီဘန်က သိမ်းပိုက်ပြီးနောက်ပိုင်း တရုတ်အကျိုးစီးပွားများ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသမှ စစ်သွေးကြွအဖွဲ့အစည်းအများအပြားက တရုတ်အား ကိုယ့်ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော ကိုလိုနီနယ်ချဲ့နိုင်ငံအဖြစ် သတ်မှတ်ထားကြသည်။ ထို့ပြင် စစ်သွေးကြွများက ၎င်းတို့နှင့် သဘောထားချင်းမတိုက်ဆိုင်သော ဒေသဆိုင်ရာ အာဏာပိုင်များကို တရုတ်က အကူအညီပေးနေသည်ဟု ယူဆထားကြောင်း Nikkei Asia က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly