နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ကမ္ဘာ့ဝီဂါကွန်ဂရက် အမည်စာရင်းတင်သွင်းခံရ

By RFA
12 March 2023
နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ကမ္ဘာ့ဝီဂါကွန်ဂရက် အမည်စာရင်းတင်သွင်းခံရ

လူ့အခွင့်အရေးဆောင်ရွက်ချက်များနှင့် ရှင်ကျန်းဒေသရှိ ဝီဂါလူမျိုးများအပေါ် တရုတ်၏ ဖိနှိပ်မှုကို အလေးထားဖော်ပြမှုအတွက် ကမ္ဘာ့ဝီဂါကွန်ဂရက်ကို ကနေဒါနှင့် နော်ဝေပါလီမန်အမတ်များက ၂၀၂၃ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းထားသည်။
ဂျာမနီအခြေစိုက် ကမ္ဘာ့ဝီဂါကွန်ဂရက်အဖွဲ့သည် ဂုဏ်သိက္ခာရှိသောဆုအတွက် ပထမဆုံးအကြိမ် အမည်စာရင်း တင်သွင်းခံရခြင်း ဖြစ်သည်။
လူများစု ဟန်တရုတ်များနှင့် ယဉ်ကျေးမှု၊ ဘာသာစကား၊ ဘာသာရေး၊ ဝတ်စားဆင်ယင်မှုနှင့် အစားအသောက်တို့တွင် ကွဲပြားသော မွတ်စလင်အများစုပါဝင်သည့် ဝီဂါလူမျိုး ၁၁ သန်းအပေါ် ဆက်ဆံပုံနှင့် ပတ်သက်၍ တရုတ်သည် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုကို ဖော်ပြသည့် အစီရင်ခံစာတွင် တရုတ်၏ မတရားဖမ်းဆီးမှုများနှင့် အခြားသောလုပ်ရပ်များသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများမြောက်နိုင်ကြောင်း ထောက်ပြထားသည်။
ဝီဂါယဉ်ကျေးမှုကို အမြစ်ပြတ်ချေမှုန်းရန်နှင့် ဝီဂါများကို တရုတ်ဇာတ်သွင်းရေး ကြိုးပမ်းမှုများကို တရုတ်အစိုးရက ကျူးလွန်ခဲ့သည်။
ဝီဂါများနှင့် အခြားသော တာကစ်နွယ်ဝင်လူနည်းစု ၁ ဒသမ ၈ သန်းခန့်ကို မတရားဖမ်းဆီးခြင်း အပါအဝင် လူ့အ ခွင့်အရေး ချိုးဖောက်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အဖြစ် အမေရိကန်၊ ဥရောပပါလီမန်နှင့် အခြားအနောက်နိုင်ငံအများအပြား၏ ဥပဒေပြုလွှတ်တော်များက ကြေညာထားသည်။ 
ကမ္ဘာ့ဝီဂါကွန်ဂရက် (WUC) ဥက္ကဋ္ဌ ဒိုခန်အိုင်ဆာက အဖွဲ့အစည်းအား အမည်စာရင်းတင်သွင်းခြင်းအတွက် အလွန်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
အသရေဖျက်ခြင်း၊ သံတမန်ရေးတိုက်ခိုက်မှုများနှင့် နိုင်ငံရေးခြယ်လှယ်မှုများဖြင့် ဝီဂါထောက်ခံအားပေးမှုများကို ဖိနှိပ်ရန် တရုတ်၏ ကြိုးပမ်းမှုမှာ မအောင်မြင်ကြောင်း ယင်းအမည်စာရင်းတင်သွင်းခံရခြင်းက ဖော်ပြနေသည်ဟု အိုင်ဆာက ပြောကြားခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly