တရုတ်သို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းနည်းပညာတင်ပို့မှုကို နယ်သာလန် ကန့်သတ်သွားမည်

By The Straits Times
12 March 2023
တရုတ်သို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းနည်းပညာတင်ပို့မှုကို နယ်သာလန် ကန့်သတ်သွားမည်

နယ်သာလန်အစိုးရသည် နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန် တရုတ်သို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းနည်းပညာ တင်ပို့မှုနှင့်ပတ်သက်ပြီး အမေရိကန်နည်းတူ ကန့်သတ်ချက်အသစ်များ ချမှတ်ရန် စီစဉ်လျက်ရှိကြောင်း မတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ကြေညာချက်သည် တရုတ်၏ ချပ်စ်ပြားထုတ်လုပ်ရေးလုပ်ငန်းကို အခက်အခဲကြုံစေရန်နှင့် စစ်ဘက်ဆိုင်ရာ အဆင့်မြှင့်တင်မှုများ နှေးကွေးသွားစေရန် အမေရိကန်က တိုက်တွန်းထားသော စည်းမျဉ်းများကို လျက်နာလျက် အရေးပါသော ချပ်စ်ပြားထုတ်လုပ်မှုနည်းပညာတွင် ဦးဆောင်နေသည့် နယ်သာလန်၏ ခိုင်မာသော ပထမဆုံး လုပ်ဆောင်ချက်ဖြစ်သည်။

အမေရိကန်သည် အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ အမေရိကန် ချပ်စ်ထုတ်လုပ်ရေးကိရိယာများ တင်ပို့ရောင်းချမှုအပေါ် ကန့်သတ်ချက်များ ချမှတ်ခဲ့သော်လည်း ယင်းကန့်သတ်ချက်များ ထိရောက်စေရန် အဓိကချပ်စ်ပြားထုတ်လုပ်မှုနည်းပညာကို ဦးဆောင်နေသည့် နယ်သာလန်နှင့် ဂျပန်ရှိ အခြား အဓိကကုမ္ပဏီများက သဘောတူညီရန် လိုအပ်သည်။ 

မဟာမိတ်နိုင်ငံများသည် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လပေါင်းအတော်ကြာ ဆွေးနွေးခဲ့ကြသည်။

နယ်သာလန်ကုန်သွယ်ရေးဝန်ကြီး လီရက်စ်ဂျေးရှရိန်းမာချာက ယင်းဆုံးဖြတ်ချက်ကို လွှတ်တော်သို့ပေးပို့သည့်စာတစ်စောင်တွင် ထည့်သွင်းကြေညာခဲ့ခြင်းဖြစ်ပြီး ကန့်သတ်ချက်များကို နွေရာသီမတိုင်မီ ချမှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းစာတွင် နယ်သာလန်၏ အဓိက ကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံ  အမည်တပ်ဖော်ပြထားခြင်းမရှိသလို ဥရောပ၏ အကြီးဆုံးနည်းပညာကုမ္ပဏီဖြစ်ပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သူများအတွက် အဓိကရောင်းချနေပေးသည့် ASML ဦးပိုင်ကုမ္ပဏီဟုလည်း ဖော်ပြထားခြင်း မရှိပေ။ သို့သော် ကန့်သတ်ချက်သည် ၎င်းတို့ ၂ ခုစလုံးကို သက်ရောက်မည်ဖြစ်သည်။

တားမြစ်ခံရမည့် နည်းပညာတစ်ခုမှာ ASML ကုမ္ပဏီက ကွန်ပျူတာချစ်ပ်ထုတ်လုပ်သူများထံ ရောင်းချနေသော ဒုတိယအဆင့်အမြင့်ဆုံးစက်ဖြစ်သည့် ခရမ်းလွန်ရောင်ခြည်သုံးပုံဖော်စက် (DUV lithography) နည်းပညာ ဖြစ်ကြောင်း ဖော်ပြထားသည်။ 

" နိုင်ငံတော်လုံခြုံရေးအတွက် ဒီနည်းပညာကို အရှိန်အဟုန်နဲ့ ကြီးကြပ်ကွပ်ကဲဖို့ လိုအပ်တယ်လို့ နယ်သာလန်က ယူဆတာကြောင့် အစိုးရအနေနဲ့ နိုင်ငံတော်အဆင့် ထိန်းချုပ်မှုစာရင်းကို သတ်မှတ်သွားမှာဖြစ်ပါတယ်” ဟု အဆိုပါစာတွင် ဖော်ပြထားသည်။
မှတ်ချက်ပေးရန် တောင်းဆိုချက်ကို အိမ်ဖြူတော်က ချက်ချင်းတုံ့ပြန်ဖြေကြားခဲ့ခြင်း မရှိပေ။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက တရုတ်အနေဖြင့် နယ်သာလန်၏ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း မတ်လ ၉ ရက်တွင် ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly