စစ်ကောင်စီထောက်ပို့ယာဉ်တန်း တကောင်းနှင့် ထီးချိုင့်တွင် ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကောင်စီထောက်ပို့ယာဉ်တန်း တကောင်းနှင့် ထီးချိုင့်တွင် ၄ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း မတ္တရာမြို့နယ်မှ ထွက်ခွာလာသော အစီးရေ ၅၀ ခန့်ပါ စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ်တန်း မတ်လ ၁၀ ရက်နေ့က သပိတ်ကျင်းမြို့နယ်အတွင်း၌ သုံးကြိမ်၊ ထီးချိုင့်မြို့နယ် အတွင်းတစ်ကြိမ် စုစုပေါင်းလေးကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မဇ္ဈိမကို ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် မတ္တရာမြို့နယ်မှ ထွက်ခွာလာပြီးနောက် သပိတ်ကျင်းမြို့နယ်အား ဖြတ်သန်းစဉ် တကောင်းလမ်းဆုံအနီး ကျွဲကူးကန်၌ နေ့လည် ၁၂ နာရီခန့်တွင် ရှေ့ပြေးစစ်ကား သုံးစီး အား ပဒေသာမိုင်းတစ်လုံး၊ ရှေ့ထွက်မိုင်းလေးလုံး စုစုပေါင်း မိုင်းငါးလုံးဖြင့် တစ်ကြိမ်၊ တကောင်း (၆) မိုင် နောင်လုံသံတံတားအနီးတွင် မိုင်းသုံးလုံးဖြင့်တစ်ကြိမ်၊ အင်ပျံကျေးရွာအနီးတွင် မိုင်းငါးလုံးဖြင့်တစ်ကြိမ်၊ စုစုပေါင်း သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှထုတ်ပြန် ထားသည်။

“တပ်မ ၆၆ ၊ ၇၇ ၊ ၈၈ အစုံပါ ပါတယ်။ မတ္တရာကစထွက်လာတည်းက သတင်းရတာပါ၊ သုံးကြိမ်လုံး သူတို့ ထိပါတယ်။ သေဆုံးကတော့ ၂၀ လောက်ရှိမယ်လို့ခန့်မှန်းပါတယ်၊ သူတို့ကားတွေသွားပြီး သိပ်မကြာဘူး ကားလေးစီးပြန်ဆင်းလာတယ်။ ကားပေါ်မှာလဲထိုင်နေတာ တစ်ယောက်နှစ်ယောက်လောက်ပဲတွေ့ရ တယ်၊ အကုန်ပက်လက်တွေနဲ့ (၇)မိုင် တပ်ဆေးရုံကို ပြန်ဆင်းသွားတယ်”ဟု တကောင်းမြို့နယ် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံမှ မဇ္ဈိမကိုပြောသည်။
ပထမအကြိမ်မိုင်းဆွဲခံရချိန်တွင် စစ်ကောင်စီတပ်ဘက်မှ ရမ်းသန်းပစ်ခတ်မှုများရှိခဲ့ပြီး၊ ဒုတိယအကြိမ် တွင်မူ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ပြောသည်။

တကောင်းမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်မှုများကို တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ယာဉ်တန်းသည် ဆက်လက်ထွက်ခွာလာပြီးနောက် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်သို့အရောက် တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရပြီး အပြန်အလှန်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

“အားလုံးတက်လာတာ ၅၂ စီး၊ လမ်းကမြို့တွေမှာရှိတဲ့ ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့တွေ အချင်းချင်း သတင်းပေးနေတယ်၊ ကျွန်တော်တို့ ကသာမြို့ကိုအဖြတ်မှာ ယာဉ် ၄၆ စီးပါ။ ထီးချိုင့်မှာ မိုင်းဆွဲခံရပြီး တော့ ၄၀ လောက်ထိခိုက်သေဆုံးရှိတယ်၊ တကောင်းမှာ လေးစီး၊ ထီးချိုင့်မှာ နှစ်စီးကျန်နေခဲ့တယ်၊ စစ် လက်နက် ပစ္စည်းထောက်ပို့ယာဉ်တွေပါ။ လုံခြုံရေးလည်း သူတို့ဘာသာယူလာတယ်။ အင်အား ၂၀၀ ကျော်ပါမယ် ခန့်မှန်းပါတယ်၊ ဖြတ်လာတဲ့မြို့တွေမှာလည်း လုံခြုံရေးတွေချထားပါတယ်”ဟု ကသာမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

အဆိုပါယာဉ်တန်းသည် ကသာမြို့နယ်မှ ထွက်ခွာလာပြီးနောက်တွင် နန့်စီးအောင်ဘက်သို့ ယာဉ်လေးစီး တက်သွားပြီး၊ ကသာခရိုင် ဗန်းမောက်မြို့နယ်သို့ ခြောက်စီးဝင်သွားကြောင်းနှင့် ကချင်ပြည်နယ်ဘက်သို့ ဖြန့်သွားနိုင်ကြောင်း ကသာ ပ.အ.ဖ အဖွဲ့ဝင်မှ ပြောသည်။

ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရခြင်းနှင့်အတူ ထီးချိုင့်တပ်မဟာ(၉)အပါအဝင် နယ်မြေခံကာကွယ်ရေးပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း ဆိုသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required