တရုတ်က တောင်တရုတ်ပင်လယ်အရေးတွင် အသာစီးရရန် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုနေ

By ANI 
11 March 2023
တရုတ်က တောင်တရုတ်ပင်လယ်အရေးတွင် အသာစီးရရန် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုနေ

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ရှိ ၎င်း၏ကျွန်းတည်ဆောက်ရေးလုပ်ငန်းများကို ပကတိမြေပြင်အနေအထားအတိုင်း သရုပ်ဖော်ရန် လတ်တလောတွင် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုလျက်ရှိပြီး ထိုသို့လုပ်ဆောင်ချက်သည် အရေးကြုံလာပါက အပြင်းအထန် အငြင်းပွားနေသော ရေပိုင်နက်တွင် ပိုင်ဆိုင်ကြောင်းတောင်းဆိုမှုများအပေါ်  အထောက်အပံ့ဖြစ်လာစေနိုင်ကြောင်း Asia News သတင်းစာတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံ၊ သယ်ယူပို့ဆောင်ရေးသိပ္ပံနှင့် အင်ဂျင်နီယာကောလိပ်၊ မြို့ပြလေကြောင်းတက္ကသိုလ်ရှိ Tianjin ကျောင်းမှ အဖွဲ့တစ်ဖွဲ့သည် ယခုလအတွင်း တောင်တရုတ်ပင်လယ်ရှိ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက် တိုးတက်ရေးနှင့် လည်ပတ်ဆောင်ရွက်မှုဆိုင်ရာ ဉာဏ်ရည်တု (AI) သရုပ်ဖော်စနစ်ကို လုပ်ဆောင်ခဲ့ပြီး ယင်းက အငြင်းပွားပင်လယ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးဆောင်ရွက်ချက်များနှင့် ပိုင်နက်အငြင်းပွားတောင်းဆိုမှုများကို တိုးတက်ခိုင်မာလာစေမည်ဖြစ်ကြောင်း South China Morning Post (SCMP) သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ သရုပ်ဖော်စနစ်အရ စပရက်တလေနှင့် ပါရာဆဲစ်ကျွန်းစုများတွင် ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်အား မြေမျက်နှာသွင်ပြင်အင်္ဂါရပ် ၁၇ ခုမှ ၈၀ ခုအထိ ပုံဖော်ပြသနိုင်ခဲ့ကြောင်း ပညာရှင်များသုံးသပ်ထားသော တရုတ်သုတေသနနှင့်စီမံခန့်ခွဲမှုသိပ္ပံဂျာနယ်ကို ကိုးကား၍ South China Morning Post က ဖော်ပြခဲ့သည်။

ဆိပ်ကမ်းများ၊ ဂိုဒေါင်များနှင့် ကုန်တင်သင်္ဘောအသစ်များ တည်ဆောက်ခြင်းအပြင် ပြီးပြည့်စုံသော အခြေအနေတွင် တရုတ်နိုင်ငံနှင့် ကျွန်းလေဆိပ်ပေါင်း ၂၀ အကြား ပုံမှန် ခရီးစဉ်များ ပြေးဆွဲခြင်းတို့အတွက် ယွမ်ငွေ ၂၀ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ) ကုန်ကျမည် ဖြစ်ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်အပြီးတွင်ဖြစ်စေ၊ အခြား အရေးပေါ်အခြေအနေကြောင့် ဖြစ်စေ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်ကြောင့် ၆ နာရီအတွင်း အလုပ်သမားများနှင့် ပစ္စည်းကိရိယာများကို ပို့ဆောင်နိုင်မည်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ သရုပ်ဖော်စနစ်သည် သယ်ယူပို့ဆောင်ရေးဗဟိုချက် တည်နေရာ၊ ဆိပ်ခံတည်ဆောက်ရမည့် အရွယ်အစားနှင့် အချိန်ဇယား၊ သယ်ယူပို့ဆောင်ရေး သင်္ဘောအမျိုးအစားများနှင့်လေယာဉ်အမျိုးအစားများ၊ ယင်း ယာဉ်များအတွက် လမ်းကြောင်းများကို မြေပုံထုတ်ခြင်းနှင့် ကုန်သယ်ယူနိုင်စွမ်း အပြောင်းအလဲများကို ထည့်သွင်းစဉ်းစားခြင်းတို့ အပါအဝင် အချို့သော အခက်အခဲများကို ရင်ဆိုင်ရနိုင်သည်ဟု South China Morning Post သတင်းတွင် ဖော်ပြထားသည်။

လက်တွေ့စစ်ရေးတိုက်ပွဲများထက် အကျပ်ကိုင်နည်းဗျူဟာများပါဝင်သည့် Grey Zone မူဝါဒတွင် အလားတူ အသုံးချမှုများနှင့်အတူ တရုတ်၏ မဟာဗျူဟာသည် ဉာဏ်ရည်တု (AI) ကို ဗျူဟာမြောက်အခန်းကဏ္ဍတွင် နေရာပေးရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ 

ပင်လယ်ရေကြောင်းဆိုင်ရာ ထောက်လှမ်းခြင်း၊ ဒေတာအချက်အလက်များ စုဆောင်းခြင်းနှင့် စုံစမ်းထောက်လှမ်းခြင်းတို့ကို မြှင့်တင်ရန် တရုတ်၏ အနှောင့်အယှက်ပေးသည့်အဆင့်ဖြစ်သော grey zone နည်းဗျူဟာများသည် ဉာဏ်ရည်တု (AI) နှင့် ဆက်စပ်ဒေတာအချက်အလက် စီမံဆောင်ရွက်နိုင်စွမ်းများကဲ့သို့ နောက်ဆုံးပေါ်နည်းပညာများကို ထည့်သွင်းလာနိုင်သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly