ဂျာမနီက 5G ကွန်ရက်မှ Huawei နှင့် ZTE ပစ္စည်းအစိတ်အပိုင်းများကို တားမြစ်နိုင်ဖွယ်ရှိ

By Reuters
11 March 2023
ဂျာမနီက 5G ကွန်ရက်မှ Huawei နှင့် ZTE ပစ္စည်းအစိတ်အပိုင်းများကို တားမြစ်နိုင်ဖွယ်ရှိ

လုံခြုံရေးစိုးရိမ်ရမှုများကို ကိုင်တွယ်ဖြေရှင်းသည့်အနေဖြင့် ဂျာမနီသည် ၎င်း၏ ဆက်သွယ်ရေးကွန်ရက်များတွင် တရုတ်ကုမ္ပဏီများဖြစ်ကြသည့် Huawei နှင့် ZTE တို့မှ စက်ပစ္စည်းအစိတ်အပိုင်းအချို့ကို ပိတ်ပင်ရန် စဉ်းစားနေကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

ဂျာမနီအစိုးရသည် ဆက်သွယ်ရေးနည်းပညာ ထောက်ပံ့ပေးသည့်ကုမ္ပဏီများကို လေ့လာသုံးသပ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက မတ်လ ၇ ရက်တွင် အတည်ပြုခဲ့သော်လည်း ကုမ္ပဏီအမည်ကို တိုက်ရိုက်ညွှန်းဆိုမပြောခဲ့ပေ။

ထိပ်တန်းကုန်သွယ်ရေးမိတ်ဖက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်စွာ ပြန်လည် ဆန်းစစ်သုံးသပ်လျက်ရှိသည့် ဂျာမနီအစိုးရသည် Huawei ကို အရေးယူနိုင်မည့် ဥပဒေများပြဋ္ဌာန်းရန် ကြိုးပမ်းနေသည့်တိုင် ယင်းကုမ္ပဏီအကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုရန် ချင့်ချိန်လျက်ရှိသည်။ 

ပြည်ပအစိုးရတစ်ခုခုမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိန်းချုပ်နေသည်ဟု ယူဆပါက အဆိုပါ ကုမ္ပဏီအား အရေးကြီးသော ပစ္စည်းကိရိယာအစိတ်အပိုင်းများ ပေးသွင်းခြင်းမှ တားမြစ်နိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ပြန်လည်သုံးသပ်ချက်ဆိုင်ရာ စာတမ်းကို ကိုးကား၍ Reuters က ဖော်ပြခဲ့သည်။

"ကုမ္ပဏီတစ်ခုတည်းဆီက ပစ္စည်းကိရိယာအစိတ်အပိုင်းတွေကို မှီခိုအားထားလို့ မရပါဘူး" ဟု ဘဏ္ဍာရေးဝန်ကြီး ခရစ္စတီယန်လင်ဒ်နာက Welt ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။

အဆိုပါဆန်းစစ်သုံးသပ်ချက်အရ ဂျာမနီသည် ကွန်ရက်များရှိ တပ်ဆင်ပြီးသား အစိတ်အပိုင်းများကို ဖယ်ရှားကာ အစားထိုးနိုင်ကြောင်းနှင့် လက်ရှိဥပဒေအရ အဆိုပါပစ္စည်းများအတွက် လျော်ကြေးပေးရန်မလိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

Huawei ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထင်ကြေးပေးမှုများအပေါ် မှတ်ချက်မပေးဘဲ ကုမ္ပဏီသည် နည်းပညာကို ဂျာမနီနှင့် အခြားကမ္ဘာတစ်ဝန်းသို့ ဝန်ဆောင်မှုပေးခဲ့သည့် နှစ် ၂၀ အတွင်း အလွန်ကောင်းမွန်သော လုံခြုံရေးဆိုင်ရာမှတ်တမ်းများ ရရှိထားကြောင်း ပြောကြားခဲ့သည်။ ZTE ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့၏ ထုတ်ကုန်များသည် လုံခြုံမှုမရှိဟု သက်သေပြရန် အထောက်အထားမရှိသော်လည်း ပြင်ပမှ လုံခြုံရေး စစ်ဆေးမှုကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ပိတ်ပင်မှုများ ပြုလုပ်လာနိုင်ခြေနှင့်ပတ်သက်၍ မေးမြန်းရာ ဂျာမနီရှိ ထိပ်တန်းဆက်သွယ်ရေးအော်ပရေတာ ၂ ခုဖြစ်သည့် Deutsche Telekom (DTEGn.DE) နှင့် Vodafone Germany (KABLD.UL) တို့က တည်ဆဲဥပဒေစည်းမျဉ်းများကို အပြည့်အဝလိုက်နာသော်လည်း နိုင်ငံရေးအရ ထင်ကြေးပေးမှုများကို မှတ်ချက်ပေးရန်မရှိကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly