ဝါးဒက်ကွင်းကျေးရွာအနီး အမျိုးသမီး သတ်ဖြတ်ခံရမှု Local PDF က ၎င်းတို့လုပ်ဆောင်ခြင်းမဟုတ်ဟု ငြင်းဆို 

By YT  မဇ္ဈိမ
11 March 2023
ဝါးဒက်ကွင်းကျေးရွာအနီး အမျိုးသမီး သတ်ဖြတ်ခံရမှု Local PDF က ၎င်းတို့လုပ်ဆောင်ခြင်းမဟုတ်ဟု ငြင်းဆို 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာအနီးတွင် ရာဘာခြံပိုင်ရှင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ Local PDF TheinZaYat က ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း ထုတ်ပြန်သည်။ 

Local PDF Theinzayat သည် သိမ်ဇရပ်အခြေစိုက် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဖြစ်ပြီး ၎င်းတို့အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်၍ ပြည်သူတို့​၏ အသက်အိုးအိမ်စည်းစိမ်ကို မည်သည့်အခါမှ ထိခိုက်စေမည်မဟုတ်ဟု ယမန်နေ့ မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။ 

"တယ်လီဂရမ်ချန်နယ်မှာ အဲ့ဒီအမျိုးသမီးကို PDF တွေ လာသတ်သွားတာပါဆိုပြီး ထုတ်ပြန်ထားတယ်။ ပြီးတော့ အဲ့ဒီညမှာ အပေါ်ဘက် (KNU တပ်မဟာ (၁)တပ်ရင်း (၃)နယ်မြေ) ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ သူတို့က ကျွန်တော်တို့ PDF တွေလုပ်တယ်ဆိုပြီး ပုံမှားရိုက်တဲ့ ပုံစံမျိုးဖြစ်နေတာလေ။ အဲ့ဒီလိုအခြေအနေမျိုးမှာPDF က လုပ်တယ်ဆိုတော့ ကျွန်တော်တို့လည်း အကုန်လုံးကို လိုက်မေးကြည့်တယ်။ ဒီက KNU အဖွဲ့အစည်းကိုရော PDF တွေကိုရော မေးကြည့်တော့ တစ်ယောက်မှ ဆင်းလည်းမဆင်းဘူး၊ လုပ်လည်းမလုပ်ဘူး၊ ဘာမှပတ်သက်မှုလည်း မရှိဘူး။ အဲ့ဒါကြောင့် သိမ်ဇရပ်နယ်မြေထဲမှာ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ Local PDF TheinZaYat ကလည်း ကျွန်တော်တို့နဲ့ လုံးဝမပတ်သက်ဘူး၊ ကျွန်တော်တို့လုပ်တာ မဟုတ်ဘူးဆိုတဲ့အကြောင်း ထုတ်ပြန်တာပါ" ဟု Local PDF TheinZaYat တာဝန်ခံ ကိုဒဿက မဇ္ဈိမကိုပြောသည်။ 

ယခုဖြစ်စဉ် မဖြစ်ပွားခင်က အဆိုပါအမျိုးသမီးအား ပျူစောထီးဆိုသူတစ်ဦးက သေနတ်ဖြင့်ချိန်၍ ခြိမ်းခြောက်ခြင်းပြုလုပ်သည့်အတွက် စစ်ဗိုလ်အဆင့်ရှိသည့် ၎င်း၏သားဖြစ်သူက ကျိုက်ထိုမြို့နယ် တရားရုံးတွင် အမှုဖွင့်တိုင်ကြားထားရာ လက်ရှိအချိန်အထိ အမှုရင်ဆိုင်နေရဆဲဖြစ်သည်ဟု Local PDF TheinZaYat တာဝန်ခံ ကိုဒဿက ရှင်းပြသည်။ 

အသတ်ခံရသူအမျိုးသမီးသည် ဒေါ်ခင်မြဝင်း (ခ) ဒေါ်မြဝင်းဆိုသူ​ဖြစ်ပြီး မတ်လ ၉ ရက်နေ့ ညနေပိုင်းတွင် ၎င်းပိုင်ဆိုင်သော ရာဘာခြံအတွင်းသို့ ဆိုင်ကယ်စီးလူအချို့ဝင်လာကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် လည်ပင်း၊ ကျောကုန်းတို့တွင် ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

"သူကလဲ ပျူပဲ။ ပျူစခန်းကို အဝင်အထွက်အမြဲရှိတယ်။ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကပဲ ပဲသီး (ပျူစောထီးခေါင်းဆောင်) နဲ့ အကြီးအကျယ် ရန်ဖြစ်ထားသေးတယ်။ ပြီးတော့ ဒီမှာက ရာဘာခြံတွေက အကျယ်ကြီးတွေလေ၊ တစ်ခြံနဲ့တစ်ခြံက ဝေးတယ်။ ဆိုင်ကယ်တွေက ပုံမှန်ဆိုလည်း ဝင်လာနေကျမို့ သိပ်တော့သတိမထားမိလိုက်ဘူး" ဟု ၎င်းက ပြောသည်။ 

ဒေါ်မြဝင်းတို့နေထိုင်ရာ ဝါးဒက်ကွင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်​၏ လက်အောက်ခံ ပြည်သူ့စစ်များနှင့် ပျူစောထီးများ အထိုင်ချနေသည့်  အထိုင်စခန်းတစ်ခုရှိကြောင်းလည်း ဒေသခံထံမှ သိရသည်။ 

"ဒေါ်မြဝင်းက သူ့ယောကျ်ားက (၂၀၇) က စစ်သား၊ သူ့သားကလည်း (၂၀၇) ကပဲ စစ်ဗိုလ်၊ သူက ဝါးဒက်ကွင်းမှာဆို နာမည်ကြီး၊ သူကို ပဲသီး(ပျူစောထီးခေါင်းဆောင်)ထက် ပိုပြီးကြောက်ရတယ်။ ဆရာကြီးပေါ့ဗျာ။ အဲ့ဒီဒေသမှာက သူပြီးမှ ပြီးတယ်။ သူ့ကို ဘယ်အဖွဲ့က သတ်သွားတယ်ဆိုတာတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပါပဲ" ဟု ကျိုက်ထိုမြို့နယ် သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ဒေါ်မြဝင်းအား မည်သည့်အဖွဲ့က လုပ်ကြံသတ်ဖြတ်သွားသည်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ယခုကာလများတွင် လုပ်ကြံသတ်ဖြတ်ခံရမှုများအပေါ် စစ်ကောင်စီ​တပ်၏ ထုတ်ပြန်ကြေညာချက်များ၌ PDF များမှ ပြုလုပ်သည်ဟု သတင်းလွှင့်ခြင်းအပေါ် Local PDF TheinZaYat တာဝန်ရှိသူက ယခုကဲ့သို့ တုံ့ပြန်ပြောဆိုထားသည်။ 

"ဒါတွေက သူတို့လုပ်နေကျအလုပ်ပဲ။ ဒါမျိုးလုပ်လာမယ်ဆိုတာလည်း အရင်ကတည်းက ကြိုတွေးထားပြီးသားလေ။ ကျွန်တော်တို့ကို ပြည်သူနဲ့ သွေးခွဲမယ်။ သူတို့လုပ်ချင်တာလုပ်ပြီး PDF တွေလုပ်ပါတယ်လို့ ခေါင်းစဉ်တပ်မယ်။ ဒါက သူတို့လုပ်နေကျ ‌ဆိုက်ဝါး (Psywar) ပဲဆိုတော့လေ သိပ်ပြီးတော့ ခေါင်းထဲမထည့်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ပြည်သူသိအောင် ပြန်ကြေညာပေး ပြန်ထုတ်ပြန်ပေးရတာလောက်ပါပဲ" ဟု Local PDF TheinZaYat တာဝန်ရှိသူက ပြောသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းကလည်း တကေးချောင်းဖျားမူလတန်း စာသင်ကျာင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦးအား ဆိုင်ကယ်နှစ်စီး၊ လူလေးဦးမှ ကျောင်းဝန်းအတွင်း လာရောက်ခေါ် ဆောင်ကာ တကေးချောင်းဖျား သင်္ချိုင်းအနီးတွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။ 

စာတည်း။    ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly