စစ်ကောင်စီကို ထောက်ပံ့နေခြင်းအား တရုတ် ရပ်တန့်သင့် 

စစ်ကောင်စီကို ထောက်ပံ့နေခြင်းအား တရုတ် ရပ်တန့်သင့် 

 မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အမှန်တကယ် လိုလားပါက တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီဘက်မှနေပြီး အန္တရာယ်များသော ကစားပွဲကို ကစားနေခြင်းအား ရပ်တန့်သင့်သည်ဟု NGO Progressive Voice အရ သိရသည်။ 

တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီအား ကူညီထောက်ပံ့နေခြင်းကို ရပ်တန့်ရမည်ဖြစ်ပြီး နည်းပညာအထောက်အပံ့များနှင့် သေစေနိုင်သော လက်နက်များ မကူညီဘဲ နေရလိမ့်မည် ဖြစ်သည်။ 

ဖြစ်ပွားဆဲ နွေဦးတော်လှန်ရေးအတွင်း တရုတ်အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ လာရောက်ပြီး အဓိက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့EROs အချို့နှင့် တွေ့ဆုံခဲ့မှုသည် မြန်မာ့အရေး၌ တရုတ်၏ ချည်းကပ်မှုကို မီးမောင်းထိုးပြနေသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွန်း (Deng Xijun) က ရှမ်းပြည်နယ်၌ သီးခြားအချိန်၊ သီးခြားနေရာများ၌ KIA၊ AA နှင့် TNLA တို့အပါအဝင် EROs ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ 

တိန့်ရှီကျွန်းသည် ခန့်အပ်ခံရပြီး သုံးလအတွင်း ဒုတိယ ခရီးစဉ်အဖြစ် လာရောက်ပြန်ကာ စစ်ကောင်စီနှင့် အပစ်ရပ် ပုံစံအချို့ ရရှိရန် EROs များအား နားချလာခဲ့သည်။ ယင်း EROs များမှ သုံးဖွဲ့မှာ လက်ရှိ၌ နွေဦးတော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင်နေဆဲ ဖြစ်သည်။ အခြားဘက်က ကြည့်မည်ဆိုလျှင် တိန့်ရှီကျွန်း၏ လုပ်ရပ်သည် တရားမဝင် စစ်ကောင်စီကို ဆန့်ကျင်နေသော လက်နက်ကိုင် ခုခံမှုများ ရပ်တန့်အောင် လုပ်ခြင်းပဲ ဖြစ်သည်။ 

တရုတ်နိုင်ငံသည် အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် တောင်းဆိုနေလင့်ကစား စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများနှင့် လက်နက်များ ဆက်လက်ပေးပို့နေဆဲပဲ ဖြစ်သည်။  

၂၀၂၁ ၌ ကြိုးပမ်းလာသော အာဏာသိမ်းချိန်စပြီး တရုတ်နိုင်ငံသည် မြန်မာစစ်တပ်အား တိုက်လေယာဉ်များနှင့် သံချပ်ကာယာဉ်များ အပါအဝင် စစ်လက်နက်ပစ္စည်းများ ဆက်လက် ထောက်ပံ့လျက်ရှိသည်ဟု လူ့အခွင့်အရေးကောင်စီ၏ ၄၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ် အင်ဒရူးက အခိုင်အမာ ပြောထားသည်။ 

မြန်မာစစ်တပ်ကို အင်အားဖြည့်ပေးနေပြီး ရက်စက်ယုတ်မာမှုများကို မရှုတ်ချဘဲနေသည်မှာ တရုတ်တစ်နိုင်ငံတည်းတော့ မဟုတ်ပေ။ ရုရှ၊ ဆားဘီးယားနှင့် အိန္ဒိယနိုင်ငံတို့သည်လည်း လက်နက်များ ပေးပို့ခြင်းဖြင့် စစ်ကောင်စီအား ထောက်ပံ့နေသည်မှာ ၂၀၂၁ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစပြီး လက်ရှိအထိပဲ ဖြစ်သည်။ 

တိန့်ရှီကျွန်း၏ ခရီးစဉ်သည် တရုတ်က အနောက်အုပ်စုကို အဓိက စိုးရိမ်ဖွယ်ရာအဖြစ် ရှုမြင်ထားကြောင်းကို ပြသလျက်လည်း ရှိသည်။ အထူးသဖြင့် အမေရိကန်သည် ၂၀၂၃ အမျိုးသား ကာကွယ်ရေး ခွင့်ပြုချက် အက်ဥပဒေအရ အမျိုးသား ညီညွတ်ရေး အစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် EROs များကို ထောက်ခံထားခြင်းကြောင့် ဖြစ်သည်။ ထို့အတွက် တရုတ်သည် တရုတ်-မြန်မာ နယ်စပ်ရှိ မြောက်ပိုင်းဒေသများမှ EROs များအအပေါ် “အကိုကြီး” နေရာမှ ရှိနေသည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းထားလိုနေသည်။ 

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၌ ဗြိတိန်ထံမှ လွတ်လပ်ရေး ရချိန်မှစပြီး တရုတ်နှင့် ပထဝီနိုင်ငံရေး ခေါင်းခဲစရာ ရှိနေသည်။ အထူးသဖြင့် ၁၉၈၈ စစ်အာဏာသိမ်းပြီးမှစကာ အဆက်ဆက်သော စစ်ခေါင်းဆောင်များနှင့် အရပ်သားတစ်ပိုင်း အစိုးရတို့သည် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများမှ ရှောင်ရှားရန်နှင့် မြန်မာပြည်သူများအပေါ် ကျုးလွန်သော ကြီးလေးသည့် ရာဇဝတ်မှုများအတွက် တရားစီရင်ခံရမှုနှင့် တာဝန်ယူရမှုတို့မှ ရှောင်ကွင်းနိုင်ရန် တရုတ်၏ အာဏာကို မတတ်သာသည့်အဆုံး ခိုလှုံကြရသည်။ 

အိမ်နီးချင်းနှစ်နိုင်ငံကြား “ညီရင်းအစ်ကိုသမျှ ရင်းနှီးသော” ဟု အဓိပ္ပာယ်ရသော “ပေါက်ဖော်” ဆိုသည့် စကားလုံးလှလှအောက်တွင် တရုတ်သည် မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်လုံး ဒီမိုကရက်တစ်  အတိုက်အခံများဖက်မှ ဘယ်တုန်းကမျှ အပြည့်အဝ မရပ်တည်ခဲ့ပေ။ ယင်းအစား  သူ့ အကျိုးအမြတ်အတွက် အဆက်ဆက်သော စစ်အာဏာရှင်များကိုသာ ထောက်ပံ့ပေးနေခဲ့သည်။ 

စစ်အာဏာသိမ်းအစိုးရအတွက် နိုင်ငံတကာ တရားစီရင်မှုများမှ တရုတ်သည် ဒိုင်းသဖွယ် ကာကွယ်ပေးနေပြီး အဓိပ္ပာယ် အမျိုးမျိုးဖြင့် ထောက်ပံ့နေသော်လည်း စစ်တပ်နှင့် လက်နက်ကိုင်များ နှစ်ဖက်စလုံးကို လက်နက်နှင့် ခဲယမ်းများ ထောက်ပံ့ခြင်းဖြင့် ပဋိပက္ခကို မီးထိုးပေးနေကာ မတည်ငြိမ်သော အခြေအနေမှ အကျိုးစီးပွား ဖော်ဆောင်လျက် ရှိသည်။ 

လက်ရှိတွင်လည်း စစ်ကောင်စီကို မျက်နှာသာပေးပြီး ၎င်း၏ ပထဝီနိုင်ငံရေး မဟာဗျူဟာ စိုးမိုးမှုကို ကျိန်းသေစေရန်နှင့် မြန်မာနိုင်ငံအတွင်းက အကြီးစား ရင်းနှီးမြုပ်နှံမှု စီမံကိန်းများ တည်တည်ငြိမ်ငြိမ် လုပ်နိုင်နိုင်ရေး အနေအထားကို ဖန်တီးဖော်ဆောင်နိုင်ရေးကိုသာ လိုလားလျက် ရှိနေသည်။ 

မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် တရုတ်သည် ရေနံပိုက်လိုင်းများမှသည် သတ္တုတူးဖော်မှုနှင့် ရေနက်ဆိပ်ကမ်းများအအထိ အကြီးစား ရင်းနှီးမြုပ်နှံမှု စီမံကိန်းများအတွက် စိုးရိမ်ပူပန်ကြောင်း ဖော်ပြလာသည်။ တရုတ်၏ ထို စီမံကိန်းများမှာလည်း မြောက်ပိုင်း ရှမ်းပြည်နယ် မူဆယ်မြို့မှ အနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ နိုင်ငံတလွှား လွှမ်းခြုံထားသည်။ 

တရုတ်သည် မြန်မာစစ်တပ်၏ တရားမဝင် ကြိုးပမ်းသော အာဏာသိမ်းမှုကို မည်သည့်အခါကမျှ မရှုတ်ချဘဲ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစပြီး “အဓိက အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း” အဖြစ် ရည်ညွှန်းပြောဆိုသည်။ 

တရုတ်သာ မြန်မာနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိလိုပြီး မြန်မာပြည်သူများကြား ကောင်းသတင်းနှင့် ထောက်ခံမှုများ ရချင်သည်ဆိုပါက မှန်ကန်သော ဆုံးဖြတ်ချက်ကို ချလိမ့်မည်ဟု Progressive Voice က ယူဆသည်။ 

ယခု အာဏာသိမ်းမှုက တရုတ် မြင်ချင် တွေ့ချင်သည့် အရာလားဆိုသည်နှင့် မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားသည့် စစ်မှန်ပြီး တာဝန်ခံသော အိမ်နီးချင်း ဘာကြောင့် မဖြစ်ရသနည်းဆိုသည်ကို သိရှိလိုသည်။ 

တရုတ်သာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား အမှန်တကယ်လိုလားပါက လူသတ်စစ်ကောင်စီကို ကူညီထောက်ပံ့သည့်ဘက်မှ ရပ်ပြီး အန္တရာယ်များစွာ ကစားနေခြင်းအား ရပ်တန့်ရမည်ပဲ ဖြစ်သည်။ 

လူမျိုးတုံး သတ်ဖြတ်မှု ကျုးလွန်ထားသူများ၊ လူးသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျုးလွန်သူများ၊ မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျုးလွန်သူများ၊ မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာ ပဋိပက္ခနှင့် အကြမ်းဖက်မှုများအတွက် အဓိက လက်သည်များဖြစ်သည့် စစ်တပ်ကို နည်းပညာနှင့် သေစေနိုင်သော လက်နက်များ ထောက်ပံ့နေခြင်းအား ရပ်တန့်ရမည် ဖြစ်သည်။ 

ထိုပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်အဖြစ် တရုတ်နိုင်ငံသည် လုပ်ပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများကို အလေးထားသင့်သည်။ မြန်မာပြည်သူများ တောင်းဆိုနေသော လေယာဉ်ဆီအပါအဝင် ကမ္ဘာ့လုံးဆိုင်ရာ လက်နက်ကုန်သွယ်မှု ပိတ်ပင်ခြင်းအား တားဆီးပိတ်ဆို့နေခြင်းကို ရပ်တန့်ရမည်ဖြစ်ပြီး တာဝန်ခံမှုနှင့် တရားမျှတမှုတို့ကို ဖော်ဆောင်ရလိမ့်မည်ဟု Progressive Voice အနေဖြင့် ယုံကြည်ယူဆသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly