သက်တမ်း ၃ ဆက်မြောက် သမိုင်းဝင်သွားသည့် တရုတ်သမ္မတအဖြစ် ရှီကျင့်ဖျင်ကို ရွေးချယ်တင်မြှောက်  

By CNA
11 March 2023
သက်တမ်း ၃ ဆက်မြောက် သမိုင်းဝင်သွားသည့် တရုတ်သမ္မတအဖြစ် ရှီကျင့်ဖျင်ကို ရွေးချယ်တင်မြှောက်  

တရုတ်နိုင်ငံတွင် မကြုံစဖူး တတိယအကြိမ်မြောက် သမ္မတသက်တမ်းအတွက် ရှီကျင့်ဖျင်ကို မတ် ၁၀ ရက်က  ရွေးချယ် တင်မြှောက်လိုက်ပြီး  ခေတ်အဆက်ဆက်တွင် တရုတ်နိုင်ငံ၏ အာဏာအရှိဆုံး ခေါင်းဆောင်ဖြစ်လာသည်။  

တရုတ်လွှတ်တော်ဖြစ်သည့် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ ညီလာခံ (NPC) မှ လွှတ်တော်အမတ် ၃ ၀၀၀ ခန့်သည် ပြည်သူ့ခန်းမကြီး၌ ကျင်းပသော ပြိုင်ဘက်မရှိသည့် ရွေးကောက်ပွဲတွင် ရှီကျင့်ဖျင်ကို သမ္မတအဖြစ် တညီတညွတ်တည်း မဲခွဲဆုံးဖြတ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
အသက် ၆၉ နှစ်ရွယ် ရှီကျင့်ဖျင်ကို တရုတ်ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ် တတိယအကြိမ်ခန့်အပ်ရန်လည်း ကန့်ကွက်သူမရှိ ထောက်ခံမဲပေးခဲ့ကြသည်။ 

လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် အသက် ၆၆ နှစ်အရွယ်  ကျောက်လီဂျီကို လည်းကောင်း၊ ဒုတိယသမ္မတသစ် အဖြစ်အသက် ၆၈ နှစ်အရွယ် ဟန်ကျန်းကို လည်းကောင်း အသီးသီးရွေးချယ်ခံခဲ့ရသည်။ ၎င်းတို့ ၂ ဦးစလုံးသည် ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ၌ပါဝင်သော ရှီ၏ ယခင်ပါတီခေါင်းဆောင်များအဖွဲ့မှ ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ကာ သမ္မတသက်တမ်းကန့်သတ်ချက်ကို ဖယ်ရှားခဲ့ပြီးနောက် ရှီကျင့်ဖျင်အား နောက်ထပ် ၅ နှစ် သမ္မတဆက်လုပ်ခွင့်ရစေရန် အခြေအနေဖန်တီးပေးခဲ့သည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပခဲ့သော အဓိကကျသည့် ပါတီညီလာခံတွင် ရှီကျင့်ဖျင်သည် သမိုင်းဝင် တတိယအကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်အဖြစ် ခန့်အပ်ခံရပြီးသားဖြစ်ကာ  မော်စီတုံးနောက်ပိုင်း အာဏာအရှိဆုံး တရုတ်ခေါင်းဆောင်ဖြစ်လာခဲ့ပြီး  မတ်လ ၁၀ ရက်က မဲခွဲဆုံးဖြတ်မှုသည်  ဟန်ပြသက်သက် လုပ်ထုံးလုပ်နည်းအရကျင်းပခြင်းသာဖြစ်သည်။ 

နိုင်ငံ၏ ခေါင်းဆောင်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို ၅ နှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိပြီး ပါတီညီလာခံတွင် ကြေညာထားသည့် ပြင်ဆင်ဖွဲ့စည်းပုံအတိုင်း လုပ်ဆောင်သည်။

ထို့နောက် တရုတ်နိုင်ငံ၏ စီမံခန့်ခွဲရေးကို ကြီးကြပ်မည့် နိုင်ငံ၏  နံပါတ် ၂ ရာထူးအတွက် ခန့်အပ်ခံရဖွယ်ရှိသော ဝန်ကြီးချုပ်လောင်း လီချန်းအပါအဝင် အစိုးရအဖွဲ့အတွင်း ထိပ်တန်းရာထူးများတွင် ရှီကျင့်ဖျင် အတည်ပြုပြီးသား အရာရှိများကို လာမည့် ၂ ရက်အတွင်းတွင် ခန့်အပ် ရွေးချယ်သွားမည်ဖြစ်သည်။ 

တရုတ်နိုင်ငံသည် ၃ နှစ်ကြာ ကျင့်သုံးလာသော ကိုဗစ်-၁၉ ကန့်သတ်ထိန်းချုပ်မှုများကြောင့် ရပ်တန့်နေသော စီးပွားရေးနှင့် အနောက်နိုင်ငံများနှင့်ဆက်ဆံရေး ပိုမိုဆိုးရွားလာမှု အပါအဝင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရချိန်ဖြစ်သည်။  ရှီကျင့်ဖျင်သည် လွှတ်တော်နှစ်ပတ်လည်အစည်းအဝေး မပိတ်မီ မတ်လ ၁၃ ရက်တွင် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly