ကွတ်ကီးမုန့်များတွင် ဆေးခြောက်များထည့်သွင်းရောင်းချသည်ဟုဆိုကာ အွန်လိုင်းပေါ်တွင် မုန့်ရောင်းချသူ ၂ ဦး ဖမ်းဆီးခံရ

By ဂန္ဒမာ
10 March 2023
ကွတ်ကီးမုန့်များတွင် ဆေးခြောက်များထည့်သွင်းရောင်းချသည်ဟုဆိုကာ အွန်လိုင်းပေါ်တွင် မုန့်ရောင်းချသူ ၂ ဦး ဖမ်းဆီးခံရ

(မဇ္ဈိမ)။   ။ ကွတ်ကီးမုန့်များတွင် ဆေးခြောက်များ ထည့်သွင်းရောင်းချသည်ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာတွင် ပေ့ချ်(Page)ထောင်ကာ မုန့်ရောင်းချသူ နှစ်ဦး မတ်လ ၈ ရက်နေ့က ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်နေ မထက်ရတနာစိုး (၂၄ နှစ်)နှင့် လမ်းမတော်မြို့နယ် ဗဟိုစည်အိမ်ယာဝန်းနေ မောင်ဇော်လင်းနောင် (၂၁ နှစ်) တို့ဖြစ်ကြပြီး ဆေးခြောက်အမှုန့် ၁၀၉ ဂရမ်၊ ဆေးခြောက်ထည့်သွင်းပြုလုပ်ထားသည့် ကွတ်ကီးမုန့် ၅၀ ခု၊ ဆေးခြောက်ရှူရာတွင်အသုံးပြုသည့် ဆေးဂေါက်တံ တစ်ခု တို့နှင့်အတူ ၎င်းတို့နေထိုင်ရာ နေရာအသီးသီး၌ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသည့် ကွတ်ကီးမုန့် ရောင်းချသူနှစ်ဦး၏ ဖေစ့်ဘွတ်ပေချ့်မှာ “October Heart” ဖြစ်ပြီးအဆိုပါပေချ့်သည် ယနေ့ မတ်လ ၁၀ ရက် မွန်းလွဲပိုင်းအချိန်ထိ အွန်လိုင်း(မီးစိမ်း)ဖြစ်နေကြောင်း တွေ့ရှိရသဖြင့် မုန့်ဝယ်ယူသူအနေဖြင့် စာပို့မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိကြောင်း သိရသည်။

“အဲ့လိုကွတ်ကီးကို စားဖူးတယ်။ ဒါပေမယ့် Club တွေ ဘားတွေမှာ အလွယ်တကူသုံးနေတဲ့ K တွေ E တွေကျတော့ ဘာလို့မဖမ်းတာလဲ။ သက်သက်လုပ်တာတော့ သိသာပါတယ်။ အခုတော့ အဲ့ကွတ်ကီးကိုမစားရဲသေးဘူး။အခုပဲလိုက်ဖမ်းနေတဲ့ သတင်းတွေထွက်နေတာ”ဟု ကွတ်ကီးစားသုံးသူတစ်ဦးကပြောသည်။

ဘားနှင့်ကလပ်များတွင် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သော K(Ketamine) နှင့် E(Ecstacy)ဟု နာမည်ကြီးသည့် စိတ်ကြွစေနိုင်သော မူးယစ်ဆေးရောင်းချသူများနှင့် သုံးစွဲသူများကို ဖမ်းဆီးခြင်းမပြုဘဲ မုန့်ထဲတွင် အနံ့အရသာ ထည့်ထားသည့် ဝိကွတ်ကီး ရောင်းချသူများကို ဖမ်းဆီးသည်မှာ စစ်ကောင်စီဘက်မှ တမင်လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ကွတ်ကီးစားသုံးသူ လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။

အဆိုပါ မုန့်ရောင်းချသူနှစ်ဦးအား ကွတ်ကီးမုန့်များရောင်းချရာတွင် လူကြိုက်များစေရန်နှင့် လူငယ်လူရွယ်များ၊ ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါး သုံးစွဲလာစေရန်ရည်ရွယ်၍ မုန့်များအတွင်း ဆေးခြောက်များထည့်သွင်းကာ ရောင်းချခဲ့ခြင်းကြောင့် ကိုယ်ကျိုးစီးပွားအတွက် လူငယ်လူရွယ်များအား လမ်းမှားရောက်စေရန် ရည်ရွယ်ချက်ဖြင့် ဖြစ်ကြောင်း စစ်ကောင်စီဘက်မှ စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည် ။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required