တရုတ်က နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက် တိဗက်သို့ မီးရထားလမ်း ဖောက်လုပ်မည်

By ANI 
10 March 2023
တရုတ်က နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက် တိဗက်သို့ မီးရထားလမ်း ဖောက်လုပ်မည်

တရုတ်သည် နယ်စပ်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက်နှင့် အငြင်းပွားနေသော အဆိုင်ချင်းဒေသကိုဖြတ်၍ ရည်မှန်းချက်ကြီးကြီးဖြင့် ဖောက်လုပ်မည့် ရထားလမ်းသစ်အစီအစဉ်ကို ထုတ်ပြန်ကြေညာလိုက်သည်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) အစိုးရက ထုတ်ပြန်လိုက်သည့် ရထားလမ်းအစီအစဉ်အသစ်တွင် ကာလလတ်မှ ရေရှည်ရထားလမ်းအစီအစဉ်ထိပါဝင်ပြီး ကီလိုမီတာ ၁၄၀ဝ အရှည်ရှိ  လက်ရှိ ရထားလမ်းကွန်ရက်ကို  ၂၀၂၅ ခုနှစ်တွင် ကီလိုမီတာ ၄၀ဝ၀ အရှည်ရှိ TAR  ရထားလမ်းကွန်ရက်အဖြစ် တိုးချဲ့မည်ဖြစ်သည်။

အဆိုပါစီမံကိန်းတွင် တရုတ်၏အိမ်နီးချင်း အိန္ဒိယနှင့် နီပေါနယ်စပ်များအထိ ဖောက်လုပ်မည့် လမ်းကြောင်း သစ်များပါဝင်သည်ဟု Railway Technology က ဖော်ပြခဲ့သည်။

အဆိုပြုထားသည့် ရထားလမ်းသည် တိဗက်ရှိ ရှီဂါဆဲမြို့မှ စတင်ကာ နီပေါနယ်စပ် တစ်လျှောက် အနောက်မြောက်အတိုင်း ဖောက်လုပ်ပြီး အဆိုင်ချင်းဒေသမှတစ်ဆင့် မြောက်ဘက်သို့ ဖြတ်သန်းကာ ရှင်းကျန်းဒေသ ဟိုတန်မြို့တွင် အဆုံးသတ်မည်ဖြစ်သည်။
ယင်းမီးရထားလမ်းသည် နယ်စပ်မျဉ်း၏ တရုတ်ဘက်ခြမ်းရှိ ရူတော့ကောင်တီနှင့် ပန်ဂုံရေကန် ဝန်းကျင်ကိုလည်း ဖြတ်သန်းသွားမည်ဖြစ်သည်။

ရှီဂါဆဲမှ ပတ်ဟတ်ဆိုအထိ ပထမလမ်းပိုင်းကို ၂၀၂၅ ခုနှစ်တွင် ပြီးစီးရန် မျှော်မှန်းထားပြီး ဟိုတန်တွင် အဆုံးသတ် မည့် ကျန်လမ်းအပိုင်းကို ၂၀၃၅ ခုနှစ်အတွင် အပြီးသတ်မည်ဟု ခန့်မှန်းထားသည်။
တိဗက်သို့ မီးရထားလမ်းများဖောက်လုပ်ခြင်းဖြင့် တရုတ်က တိဗက်၏သဘာဝအရင်းအမြစ်များအား ပိုမိုထုတ်ယူ သုံးစွဲမည်ကို တိဗက်ဒေသခံများက စိုးရိမ်နေကြသည်။

တိဗက်ဒေသသို့ ဟန်တရုတ်လူမျိုးရွှေ့ပြောင်းများနှင့် ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများလာခြင်းက ဆယ်စု နှစ်များစွာကြာ တရုတ်ဇာတ်သွင်းခံနေရသည့် ဒေသလူဦးရေအချိုးအစားနှင့် ယဉ်ကျေးမှုအပေါ် သက်ရောက်မှုပိုရှိလာမည်ဖြစ်သည်။

နယ်စပ်ဒေသတစ်လျှောက်တွင် တရုတ်၏ တည်ဆောက်ရေးလုပ်ငန်းများနှင့် ရထားလမ်းများ တိုးချဲ့ရသည့် ဗျူဟာမြောက် အကြောင်းရင်းအမှန်ကို အိန္ဒိယက စိုးရိမ်နေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required