တာလီဘန်အကြီးအကဲများ  ဒိုဟာသဘောတူညီချက်ကို ချိုးဖောက်ကြောင်း အမေရိကန် စွပ်စွဲ

By TOLOnews
10 March 2023
တာလီဘန်အကြီးအကဲများ  ဒိုဟာသဘောတူညီချက်ကို ချိုးဖောက်ကြောင်း အမေရိကန် စွပ်စွဲ

တာလီဘန်က အကြမ်းဖက်သမားများကို နိုင်ငံတွင်း ခြေချလှုပ်ရှားခွင့်ပြုမည်မဟုတ်ဟု ကတိကဝတ်ပြုထားသော်လည်း ခိုလှုံခွင့်ပေးနေဆဲဖြစ်သောကြောင့် ဒိုဟာသဘောတူညီချက်ကို ချိုးဖောက်ကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန် အထူးသံတမန် သောမတ်စ်ဝက်စ်က  စွပ်စွဲပြောဆိုလိုက်သည်။ 

“တာလီဘန်တွေက တခြားနိုင်ငံတွေကို အန္တရာယ်ပြုလိုတဲ့ အကြမ်းဖက်သမားတွေကို လက်ခံပြီး လေ့ကျင့်ခွင့်ပေးတာ၊ တပ်သားစုဆောင်းတာ ဒါမှမဟုတ် ရန်ပုံငွေကောက်ခံတာတွေကို ခွင့်မပြုဘူးလို့ ကတိပြုထားပေမယ့်လည်း အိမ်နီးချင်း ၃ နိုင်ငံဖြစ်တဲ့ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့  ပါကစ္စတန်တို့ဟာ အာဖဂန်နစ္စတန်ထဲက  အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြုံတွေ့နေရပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် တခြားနိုင်ငံများအား တိုက်ခိုက်ရန် အာဖဂန်မြေကိုအသုံးပြုနေကြောင်း သက်သေအထောက်အထား မရှိဟု  တာလီဘန်အကြီးအကဲများက ငြင်းဆိုထားသည်။
“နိုင်ငံအားလုံးနဲ့ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တာလီဘန် အကြီးအကဲတွေက လိုလားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကို အာဖဂန်မြေကနေ ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ် ဆိုတာနဲ့ပတ်သက်ပြီး သက်သေအထောက်အထား မရှိပါဘူး” ဟု တာလီဘန်အကြီးတန်း အရာရှိ ကာရိမိက ပြောကြားခဲ့သည်။

အာဖဂန် ဝေဟင်တွင် အမေရိကန် ဒရုန်းများ ပျံသန်းမှုနဲ့ပတ်သက်၍ ဝက်စ်က အာဖဂန်နစ္စတန်အား အကြမ်းဖက်သမားများ၏ ခိုနားရာဖြစ်လာမည်ကို အမေရိကန်အနေဖြင့် မလိုလားကြောင်း ပြောသည်။

“လူသိရှင်ကြား ထုတ်မပြောနိုင်တဲ့ ကိစ္စရပ်တွေ သီးခြား ရှိတယ်။ ဒါကြောင့် အာဖဂန်ပြည်သူတွေအနေနဲ့ ကျွန်တော် ပြောတာကို လက်ခံစေချင်တယ်။ အေမန် အယ်လ် ဇာဝါဟီရိဟာ တာလီဘန်ခေါင်းဆောင်တွေရဲ့ အကာအကွယ်အောက် ကဘူးလ်မြို့လယ်မှာ နေထိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို ဖော်ထုတ် သုတ်သင်ခဲ့ပါတယ်” ဟု ဝက်စ်က ပြောသည်။

သို့သော် တာလီဘန်က အာဖဂန်ဝေဟင်တွင် အမေရိကန်ဒရုန်းများ ပျံသန်းခဲ့ခြင်းကို ဒိုဟာသဘောတူညီချက်ကို ချိုးဖောက်မှုအဖြစ် စွပ်စွဲပြောဆိုခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly