လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို  ဖြိုခွင်းဖမ်းဆီးရန် စစ်ကောင်စီကြိုးပမ်း 

By ကိုရွှေမြိတ်(မဇ္ဈိမ)
10 March 2023
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို  ဖြိုခွင်းဖမ်းဆီးရန် စစ်ကောင်စီကြိုးပမ်း 

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့ပေါ်တွင် ယနေ့ မတ်လ ၁၀ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုပြုလုပ်သည့်နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ သပိတ်တွင်ပါဝင်သူများကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်း သတင်းရရှိသည်။ 

ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ကာ လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပ်ိတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။သပိတ်လှုပ်ရှားမှုပြုလုပ်အပြီး တမိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ရောက်ရှိလာခြင်းဟု သပိတ်ဦးဆောင်သူများထံမှ သိရသည်။ 

" ဒီနေ့က ကျွန်တော်တို့ လောင်းလုံးမြို့ပေါ်တက်ပြီး ဆန္ဒတက်ပြတယ်။ မြို့ပေါ် တက်ဆန္ဒပြတော့  လောင်းလုံးမြို့ပေါ်မှာက အခု ကျွန်တော်တို့သပိတ်လှုပ်ရှားခဲ့တဲ့နေရာက ပျူစောထီးတွေ ကြီးစိုးတဲ့ နေရာဖြစ်တယ်။အဲ့တော့ အရင်လို အချိန်အကြာကြီး ဆန္ဒပြ လှုပ်ရှားတာမျိုးမဟုတ်ဘဲ အလျှင်အမြန်ပဲ လုပ်လိုက်တာမျိုး ဖြစ်သွားတယ်။ ဒါပေမယ့် ကျွန်တော်တို့ အချိန်မီ ပြန်ဆုတ်ပြီး မိနစ်ပိုင်းအတွင်းမှာ၊ တမိနစ်ပဲ ခြားတယ်။ သပိတ်လှုပ်ရှားခဲ့တဲ့ နေရာကို စစ်ကောင်စီတပ်နဲ့ပျူတွေ အင်အား ၂၀ နီးပါးလောက်က ကားငါးစီးနဲ့ ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး လမ်းပိတ်စစ်ဆေးတာမျိုး ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့က ဖမ်းဆီးခံရတာမျိုး မရှိပါဘူး" ဟု သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးက ပြောသည်။ 

သပိတ်တွင်ပါဝင်သူများက စစ်ကောင်စီပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်သည့်အနေဖြင့် “စစ်ကျွန်ဘဝက လွတ်မြောက်ဖို့ ဖက်ဆစ်ရွေးကောက်ပွဲကို တိုက်ဖျက်စို့” ဘန်နာ(ဗီန်ိုင်း)အား ကိုင်စွဲ၍ ချီတက်ဆန္ဒပြခဲ့ကြသည်။ 

ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)သည် လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပ်ိတ်များ မကြာခဏ ပြုလုပ်နေသည်။စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်များ အရှ်ိန်မြင့်လာစေရေးအတွက် ကော်မတီဝင်လူငယ်များက ပြည်သူလူထုကြားသို့ အရောက်သွားကာ စည်းရုံးနေပြီး တော်လှန်ရေးအပေါ် ဒေသခံလူထု၏ ယုံကြည်ချက်လည်း ပိုမိုအားကောင်းလာကြောင်းသပိတ်ကော်မတီဝင်များက ဆိုသည်။ 

စာတည်း - မောင်ကြီး 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required