ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ၃ဦးသေဟုဆို 

By ကိုခင်မောင် (မဇ္ဈိမ)
10 March 2023
ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၊ ၃ဦးသေဟုဆို 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာတွင် တပ်စွဲထားသော အင်အား ၄၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း Yesagyo Revolution Group (YRG)က ယမန်နေ့က သတင်းထုတ်ပြန်သည်။ 

ယမန်နေ့ မတ်လ ၉ရက် ညနေ ၅နာရီ အချိန်တွင် ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၏ ကင်းစခန်းတစ်ခုကို  ၆၀မမ၊ ၈၀မမ၊ ၁၂၀မမ တို့ဖြင့် အလုံး ၅၀ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“အဲဒီကင်းစခန်းကို မီတာ ၁၅၀ သာသာလောက်ကနေ ပစ်တာ သိပ်မဝေးဘူး။ ကျနော်တို့လက်နက်ကြီးတွေနဲ့ပစ်တော့ စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်) နှစ်ကောင်လဲကျ သေသွားတာမြင်ရတယ်ဗျ။ တစ်ကောင်ကတော့ ပခုက္ကူဆေးရုံမှာ သေတယ်ကြားတယ်ဗျ။ လက်နက်ကြီးက စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ အနားကျလို့ အထိခိုက်တွေလည်း ရှိတယ်လို့ သိရတယ်” ဟု Yesagyo Revolution Groupမှ ကိုရေခဲက မဇ္ဈိမကို ပြောသည်။ 

ထိုတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၆၀မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့်  ပြန်လည်ပစ်ခတ်ခဲ့ပြီး မိနစ် ၂၀ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။ 

ထို့အပြင် တိုက်ပွဲဖြစ်ပွား‌နေစဉ်အတွင်း ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များရှိရာသို့ စစ်ကောင်စီတပ်သား ဆယ်ဦးခန့်သည် ဘယ်ညာနှစ်ဖက်ပိတ်၍  ပစ်ခတ်လာရာ  ကင်းပုန်းအသင့်စောင်းဆိုင်းနေသော  ပြည်သူ့ရဲဘော်များက စနိုက်ပါ ၊ အော်တိုမောင်းပြန်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“စစ်ကောင်စီတပ်က ပခုက္ကူနယ် ဘုန်းကံကျေးရွာမှာ အရင်ကတည်းက တပ်စွဲထားတာ ၊ပျူရွာပေါ့။ ပြည်သူတွေကတော့ မရှိကြတော့ဘူး။ အင်အားက စခ(စစ်ကောင်စီတပ်ဖွဲ့) ၃၀၊ ၄၀ လောက်ပဲရှိမယ်၊ ပျူအရေအတွက်တော့မသိရဘူး။ စစ်ကြောင်းတွေ ထပ်တိုးတာကြောင့် အင်အားက ပုံမှန်တော့မရှိဘူးဗျ။ စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်)အနည်းငယ် တက်လာတော့ ကျနော်တို့ရဲ့ ကင်းပုန်းတွေက သူတို့တက်လာတဲ့ဘက်ကို ဖိပစ်တာပါ” ဟု ကိုရေခဲက ဆက်ပြောသည်။ 

လက်နက်ကြီးကျည်ကျ၍ ပြင်းထန်ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်သားလေးဦးထဲမှ သုံးဦးသည် လက်ပြင်ပေါက်ထွက်၊ ဗိုက်ပေါက်ထွက် ဒဏ်ရာများဖြင့် ပခုက္ကူပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူ‌နေရကြောင်း  Yesagyo Revolution Groupမှ သတင်းထောက်လှမ်းရေးတာဝန်ရှိသူ၏ ပြောပြချက်အရ ကြားသိရသည်ဟုလည်း ဆိုသည်။ 

ဘုန်းကံကျေးရွာရှိ စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်သားများ သေဆုံးမှု ၊ ထိခိုက်မှုများနှင့် ပတ်သက်ပြီး ဒေသခံများထံမှ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။ 

အဆိုပါတိုက်ပွဲကို  Yesagyo Revolution Group (YRG)၊ Southern YSO PDF၊ ဒေါင်းစစ်သည်၊ ဒေါင်းညီနောင်၊ ဒေါင်းသွေးနီ၊ Shwe Nyar Myae People Defense Force၊ King Cobra(ပခုက္ကူခရိုင် ရင်း ၂ တပ်ခွဲ ၃ )၊ ညီနောင်သုံးဖော်၊ Royal Defense Force၊  PKU Ranger၊ ၊ Royal PKU Underground စသည့် မဟာမိတ်အဖွဲ့များပူးပေါင်းကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly