အာဖဂန်နစ္စတန် နင်းမ်ရို့ဇ်ပြည်နယ်ဒေသခံများက  လာမည့်နှစ်  မိန်းကလေးကျောင်းများ ပြန်ဖွင့်လှစ်ရန် တောင်းဆို 

By Tolonews
09 March 2023
အာဖဂန်နစ္စတန် နင်းမ်ရို့ဇ်ပြည်နယ်ဒေသခံများက  လာမည့်နှစ်  မိန်းကလေးကျောင်းများ ပြန်ဖွင့်လှစ်ရန် တောင်းဆို 

အာဖဂန်နစ္စတန်တွင် စာသင်နှစ် အသစ် စတင်ရန် နီးကပ်လာချိန်၌ နင်းမ်ရို့ဇ် ပြည်နယ်မှ ဒေသခံများက လာမည့်နှစ်သစ်တွင် ၆ တန်းအထက် မိန်းကလေးများအတွက် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် တာလီဘန်အာဏာပိုင်များထံ တောင်းဆိုလိုက်သည်။

အမျိုးသမီးများသည် ဒေသတွင်း လူဦးရေ၏  ထက်ဝက်ခန့်ရှိပြီး နိုင်ငံသူ နိုင်ငံသားများ၏ ဆန္ဒကို လိုက်လျောပေးရန် လက်ရှိအစိုးရအား တိုက်တွန်းသည်ဟု ၎င်းတို့က ပြောကြားသည်။  
ကျောင်းသူ   ရာဇီရာဆိုသူက သူမသည် မနက်တိုင်း ကျောင်းများပြန်ဖွင့်မည့် သတင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြောင်း TOLOnews သို့ ပြောပြသည်။

ရာဇီရာက ဆေးကျောင်းတွင် ပညာသင်ကြားပြီး နိုင်ငံသားများကို ဆေးကုသပေးလိုကြောင်း ပြောသည်။
"ကျောင်းတွေဖွင့်တော့မယ့်ဆိုတဲ့ သတင်းကောင်းတွေကြားရနိုးနဲ့  မနက်တိုင်း အိပ်ရာကနေ နိုးထခဲ့ရတာပါ။ ဒါ ကျွန်မတို့ ကတယ် မျှော်လင့်နေတဲ့အရာပါ" ဟု ရာဇီရာက TOLOnews သို့ ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ကလေးတွေရဲ့ ပညာရေးကို အမြန်ဆုံး အလေးထားဖို့  တာလီဘန်အာဏာပိုင်တွေကို တောင်းဆိုပါတယ်” ဟု နင်းမ်ရို့ဇ်မှ ဒေသခံ အိုမစ်ဆိုသူက ပြောသည်။ 

ထို့ပြင် ပြည်နယ်အတွင်းရှိ ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှ ကျောင်းသားအချို့က နိုင်ငံအတွင်းရှိ မိန်းကလေးများ အားလုံးအတွက် ကျောင်းများပြန်လည်ဖွင့်လှစ်ပေးရန် လက်ရှိတာလီဘန်အစိုးရတာဝန်ရှိသူများထံ တောင်းဆိုခဲ့သည်။
နင်းမ်ရို့ဇ်ဒေသမှ တာဝန်ရှိသူများက ၆ တန်းအထက် မိန်းကလေးကျောင်းများကို  ပြန်ဖွင့်ပေးရေး ပညာရေးဝန်ကြီးဌာန၏ အမိန့်ကို စောင့်နေကြောင်း  ပြောသည်။

အာဖဂန်နစ္စတန်တွင် ၆ တန်းအထက် မိန်းကလေးကျောင်းများကို ပိတ်ထားသည်မှာ ၂ နှစ်နီးပါးရှိပြီဖြစ်သလို မိန်းကလေးများ တက္ကသိုလ်တက်ခွင့် ပိတ်ပင်ခံရသည်မှာလည်း  ၃ လခန့်ရှိပြီ ဖြစ်ပြီး ကျောင်းများ မည်သည့်အချိန် ပြန်လည်ဖွင့်လှစ်မည်ကို မသိရသေးပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly