အာဖဂန်နစ္စတန်တွင် တာလီဘန်အာဏာပြန်ရလာခြင်းက ပါကစ္စတန်အတွက် ဆိုးကျိုးဖြစ်လာ   

By ANI
09 March 2023
အာဖဂန်နစ္စတန်တွင် တာလီဘန်အာဏာပြန်ရလာခြင်းက ပါကစ္စတန်အတွက် ဆိုးကျိုးဖြစ်လာ   

အာဖဂန်နစ္စတန်တွင် တာလီဘန်အဖွဲ့ အာဏာပြန်ရလာမှုက ပါကစ္စတန်အတွက် ဆိုးကျိုးများ ဖြစ်လာစေသလို တာလီဘန်နှင့်ဆက်နွှယ်သော စစ်သွေးကြွအဖွဲ့ တီရစ်-အီ-တာလီဘန်ပါကစ္စတန် (TTP) သည် နှစ်နိုင်ငံခြားနယ်စပ်ရှိ လူမျိုးစု ဇုန်များတွင်သာမက အခြားနေရာများတွင်ပါ သြဇာလွှမ်းမိုးလာလျက်ရှိကြောင်း Diaspora Network သတင်းဝက်ဘ်ဆိုက်တွင်  ဖော်ပြထားသည်။

တာလီဘန်ပါကစ္စတန် (TTP) စစ်သွေးကြွများနှင့်   ၎င်းတို့၏ ခြေလျင်စစ်သားများသည်   အနှောင့်အယှက်ကင်းစွာဖြင့် အာဖဂန်နစ္စတန်တွင် ခိုလှုံရာနေရာများ တွေ့ရှိထားကြောင်း Afghan Diaspora Network က ဖော်ပြခဲ့သည်။

တာလီဘန်ပါကစ္စတန် (TTP) စစ်သွေးကြွများသည် ဖေဖော်ဝါရီ ၁၇ ရက်က ကရာချိရဲချုပ်ရုံးကို ဝင်ရောက်စီးနင်းခဲ့ရာ စစ်သွေးကြွများနှင့် အစိုးရတပ်ဖွဲ့များကြား နာရီပေါင်းများစွာကြာသော တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၄ ဦးသေဆုံးကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်။
တာလီဘန်ပါကစ္စတန် (TTP) အဖွဲ့မှ အကြမ်းဖက်သမား ၃ ဦး သေဆုံးခဲ့သည်။ ထိုသို့ ရဲတင်းစွာ တိုက်ခိုက်မှုသည် ပါကစ္စတန်အတွင်း   TTP  ၏ လက်ရဲဇက်ရဲ လုပ်ဆောင်ချက်ကို ပြသနေသည်။

“ပါကစ္စတန်၏ ဥပဒေုစိုးမိုးရေးဆိုင်ရာအရာရှိများကို တိုက်ခိုက်မှုများ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ကျွန်စစ်တပ်နှင့် မိမိတို့ ဖြစ်ပွားသည့် တိုက်ပွဲများနှင့် ဝေးဝေးမနေပါက ထိပ်တန်းရဲအရာရှိများ၏ ခိုလှုံရာနေရာများကို ဆက်လက်တိုက်ခိုက်သွားမည်” ဟု  TTP က သတိပေးထားသည်။ 
အာဖဂန်နစ္စတန်ကို တာလီဘန် သိမ်းပိုက်ပြီးနောက်ပိုင်း   TTP စစ်သွေးကြွများသည် ပါကစ္စတန်နိုင်ငံ တစ်ဝန်းတွင် ရဲတပ်ဖွဲ့ဝင်များ၊ ရဲစခန်းများနှင့် စစ်ဆေးရေးစခန်းများကို တိုက်ခိုက်ခဲ့ကြသည်။

တာလီဘန်ပါကစ္စတန် (TTP) အဖွဲ့သည်  ၁ နှစ်ကျော်ကြာမျှ ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပါကစ္စတန်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ အပစ်အခတ်ရပ်စဲရေး မပျက်ပြယ်ခင်မှာပင် ရာနှင့်ချီသော TTP စစ်သွေးကြွများ   ခိုက်ဘာပက်ခ်တွန်ခဝါရှိ ၎င်းတို့၏ အမာခံနယ်မြေများဆီသို့ ပြန်လာခဲ့ကြသည်မှာ နိမိတ်ဆိုးတစ်ခုဖြစ်သည်။

သောင်းကျန်းလျက်ရှိသော တာလီဘန်ပါကစ္စတန် (TTP) အဖွဲ့ကို တိုက်ခိုက်ရာတွင် အာဖဂန်နစ္စတန် အစိုးရက ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့်အပေါ် စိတ်ပျက်နေသော ပါကစ္စတန်သည် နယ်စပ်တစ်လျှောက်ရှိ TTP ကင်းပုန်းများကို တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည်ဟု ပါကစ္စတန်စစ်ရေးစောင့်ကြည့်အဖွဲ့  (PMM) က မကြာသေးမီက ဖော်ပြခဲ့သည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းက နယ်စပ်ပြဿနာကို ဖြစ်စေနိုင်သလို ၎င်း၏ အာဖဂန်နစ္စတန်မူဝါဒဆိုင်ရာ ပျက်ကွက်မှုများ ဖြစ်လာနိုင်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly