တစ်လကျော်အတွင်း စစ်ကောင်စီထံ မှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီ ၁၉ ခုရှိ

By 001 (မဇ္စျိမ)
09 March 2023
တစ်လကျော်အတွင်း စစ်ကောင်စီထံ မှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီ ၁၉ ခုရှိ

စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဉပဒေကို ပြဋ္ဌာန်းပြီးနောက် တစ်လကျော်အတွင်း စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီ ၁၉ ခု အထိရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဉပဒေကို အာဏာသိမ်းစစ်ကောင်စီက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ပြဋ္ဌာန်းပြီးနောက် မတ်လ ၈ ရက်နေ့အထိ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ငါးပါတီနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည် နယ်အတွင်း စည်းရုံးမည့်ပါတီ ၁၄ ပါတီတို့က မှတ်ပုံပြန်တင်ထားပြီဖြစ်ကြောင်း မတ်လ ၉ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

မတ်လ ၇ ရက်နေ့က ပြည်နယ်အတွင်းစည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်လိုက်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က ပါတီဆက်လက်ရှင်သန်နိုင်ရေးအတွက် မှတ်ပုံပြန်တင်ခြင်းဖြစ်ကြောင်း ပြော သည်။

“ကျွန်တော်တို့က မြို့ပြနိုင်ငံရေးလုပ်နေတဲ့ ပါတီတစ်ခုဖြစ်တဲ့အခါကျတော့ ဒါလေးကို ဆက်လက်ရှင် သန်နိုင်အောင်ဆိုတဲ့သဘောနဲ့ပဲ ကျွန်တော်တို့ တရားဝင်လုပ်ဆောင်တဲ့ဟာတွေ ပြောနိုင်တဲ့ဟာတွေ၊ ပြည်သူရဲ့ အခက်အခဲဖြစ်နေတာ တင်ပြနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ မှတ်ပုံတင်ခြင်းဖြစ်တယ်”ဟု KSPP ပါတီ အထွေထွေအတွင်းရေးမှူး ဦးမရမ်ဂွမ်ဂျာကပြောသည်။

ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) အနေဖြင့်မူ ပြည်ထောင်စုတစ်ဝန်းလုံး စည်း ရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ထားပြီး စစ်ကောင်စီကပြုလုပ်မည်ဟုဆိုထားသည့် ရွေးကောက်ပွဲနှင့် ပတ် သက်ပြီးလည်း ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်နေကြောင်း သိရသည်။

“နစက(စစ်ကောင်စီ) ဉက္ကဋ္ဌက ကမ္ဘာသိ၊ မြန်မာသိ ကြေညာထားပြီးသားလေ။ ၂၀၂၃ မှာရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပြီးသားလေ။ ကော်မရှင်ကလည်း ပါတီမှတ်ပုံတွေတင်ခိုင်းတယ်။ နှစ်လအတွင်း မှတ်ပုံတင်၊ သုံးလကျရင် ပါတီဝင် ၁၀၀,၀၀၀ ပြည့်အောင်စည်းရုံး၊ ခြောက်လကျရင် တနိုင်ငံလုံးဆိုရင် ရုံးခန်း ၁၆၅ ရုံးဖွင့်နိုင်အောင်လုပ်ဆိုပြီးတော့ အဲ့ဒီလိုဖြစ်နေပြီဆိုတော့ ရွေးကောက်ပွဲက ဖြစ်မယ်လို့တော့ ကျွန်တော်တော့ ယုံကြည်ပါတယ်ဗျ”ဟု ကျားဖြူပါတီဉက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)ပါတီအနေဖြင့်မူ စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ကိစ္စနှင့်ပတ်သက်ပြီး ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်ကပြောသည်။

“ဘာမှဖြေစရာမရှိသေးဘူး။ အစည်းအဝေးလည်း မထိုင်ရသေးဘူး။ ဘာမှမဆုံးဖြတ်ရသေးပါဘူးခင်ဗျ”ဟု ဦးစိုင်းလိတ်က ပြောသည်။

ရခိုင်ပါတီတစ်ခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ပါတီက စစ်ကောင်စီထံ မှတ်ပုံပြန်တင်မည် မဟုတ်ကြောင်းနှင့် စစ်ကောင်စီကပြုလုပ်မည့်ရွေးကောက်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ် ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် စစ်ကောင်စီကြောင့် ပါတီပျက်ပြယ်သွားမည်မဟုတ်ဘဲ ပါတီဆက်လက်ရပ်တည်သွားမည်ဖြစ် ကြောင်းလည်း ALD ပါတီက ပြောထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)တို့ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း ကြေညာထားကြသည်။

လက်ရှိတွင် နိုင်ငံရေးပါတီ ၉၀ ကျော်ရှိပြီး အဆိုပါ ပါတီများအနေဖြင့် ဇန်နဝါရီလ ၂၆ ရက်နေ့မှစပြီး နှစ်လအတွင်း မှတ်ပုံပြန်မတင်ပါက ပါတီအလိုအလျောက်ပျက်ပြယ်မည်ဟု စစ်ကောင်စီက ပြဋ္ဌာန်းထား သည်။

စစ်ကောင်စီထံမှတ်ပုံပြန်တင်ထားသည့် ၁၉ ပါတီတွင် ကြံ့ခိုင်ရေးပါတီ၊ ဒေါက်တာအေးမောင် ဦးဆောင် သည့်  ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် နှင်းဆီပါတီကိုနာမည်ပြောင်းထားသည့် ပြည်ထောင်စုဒီမိုကရေစီ ပါတီ(UDP)တို့လည်း ပါဝင်သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly