မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅ ဘီလီယံနီးပါး ရရှိထား 

By မေဘယ်လ်သူ (မဇ္ဈိမ)
09 March 2023
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅ ဘီလီယံနီးပါး ရရှိထား 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံကျော် ရရှိထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။ 

နယ်စပ်ကုန်သွယ်ရေးတွင် မြဝတီနယ်စပ်ဂိတ်မှကုန်သွယ်မှုအများဆုံးပြုလုပ်ထားကာ ပြီးခဲ့သည့် နှစ်နှင့် နှိင်းယှဉ်ပါက ဒေါ်လာ ၅၄၅ ဒသမ ၈၂ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“လက်ရှိမှာက ကျပ်ငွေတန်ဖိုးမြင့်တက်နေပြီးတော့ ထိုင်းဘတ်စျေးကျနေတဲ့အတွက် သွင်းကုန်တွေ တင် သွင်းတဲ့သူတွေလည်းများတယ်။ နယ်စပ်ဂိတ်အချို့လည်း ပြန်ဖွင့်နေပြီဆိုတော့ နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှုပမာဏ ပိုများလာတဲ့သဘောပါ” ဟု မဇ္ဈိမ၏ စီးပွားရေးလုပ်ငန်းရှင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ကိုးလတာအတွင်း တရုတ်-မြန်မာကုန်သွယ်ရေးမှ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ သန်း ၂,၀၀၀ ကျော် ရရှိထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခုဘဏ္ဍာနှစ်တွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးထက် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးက  မြင့် တက်နေကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှ မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သည့် ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သည့် ငါး၊ ပုဇွန်၊ ဂဏန်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေသည်။
 
ထိုင်းနိုင်ငံမှ CMP အထည်အလိပ်၊ ဆေးဝါး နှင့် ဆက်စပ်ပစ္စည်း၊ စိုက်ပျိုးရေးသုံးနှင့် စက်ရုံသုံးကုန်ကြမ်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်း၊ စက် နှင့် စက်အပိုပစ္စည်း၊ စားသောက်ကုန် စသည်တို့ကို အများ ဆုံး တင်သွင်းနေသည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required