KNU တပ်မဟာ (၆) ဒေသတွင် အဆင့်မြင့် Drone သင်တန်းဆင်းပွဲ ပြုလုပ်

By သွင်ထူးဈာန် (မဇ္ဈိမ)
09 March 2023
KNU တပ်မဟာ (၆) ဒေသတွင် အဆင့်မြင့် Drone သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ထိန်းချုပ် နယ်မြေတစ်နေရာတွင် Saw Dragon Drone Force (SDDF) တပ်ဖွဲ့၏ ဒရုန်းသင်တန်း အပတ်စဉ်(၄)  ဆင်းပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

“သင်တန်းပို့ချတဲ့ ဒရုန်းအမျိုးအစားတွေကတော့ Muti-rotor Drone အကြီး၊ အသေး အမျိုးအစား အကုန် ပေါ့နော်။ သင်တန်းအနေနဲ့ကတော့ ရန်သူကို ကင်းထောက်တာတွေ၊ ဒရုန်းနဲ့အချိန်းမရွေးနေရာမရွေး လျှပ်တပြက်တိုက်ခိုက်တာတွေ၊ ဗျူဟာကျကျစစ်ဆင်ရေးတွေနဲ့ ဝေဟင်မြေပြင် ဟန်ချက်ညီညီတိုက်ခိုက် တာတွေ ဒရုန်းကြီး၊ ဒရုန်းငယ်ပေါင်းစပ်တိုက်ခိုက်တာတွေနဲ့ အခြားရန်သူကိုအထိများစေမယ့် နည်းစနစ် ဗျူဟာတွေပါဝင်တယ်”ဟု SDDF  တပ်ဖွဲ့မှ တာဝန်ရှိသူကဆိုသည်။

သင်တန်းတွင် ဒရုန်းတစ်စင်းကို ကိုယ်တိုင်တပ်ဆင်ပြုပြင်ခြင်းမှစ၍ မြေပြင်တွင် အသုံးပြုနေသည့် နည်း စနစ်၊ ပုံမှန်အခြေအနေ၊ အရေးပေါ်အခြေအနေအပြင် ဝေဟင်တပ်ဖွဲ့များပြုလုပ်ရမည့် ဆုံးဖြတ်ချက်ချ နည်းစနစ်တို့ကိုပါ သင်ကြားပေးခဲ့ကြောင်းသိရသည်။

စစ်ဆင်ရေးပြုလုပ်နေစဉ် ပြည်သူများနှင့် ရဲဘော်များ ဘေးကင်းအလုံခြုံဆုံးဖြစ်စေရန် စနစ်တကျပို့ချခဲ့ သည့် အဆင့်မြင့်ဒရုန်းသင်တန်းဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်လကြာသင်ကြားခဲ့ရကြောင်းလည်းဆို သည်။

အဆိုပါသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးစီစဉ်ခဲ့ ခြင်းဖြစ်ပြီး လုံခြုံရေးအခြေအနေကြောင့် နောက်ကျထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း Saw Dragon Drone Force – SDDF မှ တာဝန်ရှိသူက ပြောသည်။

သင်တန်းဆင်းပွဲကို ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်ကောင်းရွက်မှ သဝဏ်လွှာပေးပို့ အမှာ စကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly