ပျူစောထီးဘဝမှ လွတ်မြောက်ခြင်း

By 005 (မဇ္စျိမ)
09 March 2023
ပျူစောထီးဘဝမှ လွတ်မြောက်ခြင်း

“ဘေးရွာတွေကို ဆက်တိုက်မီးရှို့တာတွေမြင်ရတော့ ကိုယ့်အလှည့်ရော ဘယ်တော့ရောက်လာမလဲဆို တာမပြောနိုင်ဘူး။ သူတို့လုပ်ရပ်တွေမကြိုက်တော့လို့ ပျူစောထီးထဲကထွက်ခဲ့တာပါ” ဟု အသက် ၃၀ အရွယ် အမျိုးသမီးက ဆိုသည်။

မလှလှ (အမည်လွှဲ) ဆိုသူအမျိုးသမီးသည် မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ အစိမ်းရောင်နယ်မြေဟု ပြောစမှတ်ပြုရလောက်သည့် ကြံ့ခိုင်ရေးပါတီထောက်ခံသူများပြားသော ဇီးပြားကျေးရွာမှဖြစ်သည်။

မလှလှဟာ အသက်(၃၀)ကျော်အရွယ် အမျိုးသားဖြစ်သူ၊ (၈)နှစ်အရွယ်နဲ့ (၄)နှစ်အရွယ် သမီးငယ်နှစ်ဦး တို့နဲ့ တောင်သူလုပ်ရင်း ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေထိုင်ခဲ့သူဖြစ်သည်။
နိုင်ငံရေးကိုနားမလည်ဟုဆိုသော်လည်း ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏မဲဆွယ်ပွဲများကို လိုက်ခဲ့ သည်။ ကျေးရွာတွင်း မဲဆွယ်ပွဲများသာလိုက်၍ ငွေကြေးထောက်ပံ့မှုတော့မရခဲ့ဟု သူမကဆိုသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ပေါက်မြို့နယ်နှင့်ကပ်လျက်ဖြစ်သည့် မြိုင်မြို့နယ်သည် PDF အား ကောင်းသည့် မြို့နယ်ဖြစ်လာသည်။ ထို့နောက် စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ ကျေးရွာခေါင်းဆောင်များ ပူးပေါင်းကာ ကျေးရွာတွင်းနေထိုင်သူ လူကြီး၊ လူငယ်အားလုံးကို ပျူစောထီးထဲဝင်ခိုင်းခဲ့သည်။

“PDF တွေနဲ့ တိုက်ပွဲဖြစ်တာတွေကို ဒါတွေကခဏပဲ၊ အကြမ်းဖက်သမားတွေက သူများမြှောက်ပေးလို့ လုပ်နေတာ ပြီးသွားမှာ။ ကိုယ့်ရွာကိုကာကွယ်ဖို့ ပြည်သူ့စစ်ထဲဝင်ပြီး စစ်သင်တန်းတက်ရမယ်လို့ ပြော တယ်”ဟု မလှလှက ပြောပြသည်။

ပျူစောထီးအဖွဲ့ထဲသို့ မဝင်ရောက်လိုသော်လည်း ကျေးရွာမှထွက်သွားရန် ရပ်ဝေးတွင် ဆွေမျိုးနီးစပ်မရှိ သကဲ့သို့ သမီးငယ်နှစ်ယောက်နှင့် လုပ်ကိုင်စားသောက်နေရသမျှ အားလုံးကို စွန့်လွှတ်ထားခဲ့ရမည်ဖြစ်၍ မလှလှတို့လင်မယား မဖြစ်မနေ ပျုစောထီးအဖွဲ့ထဲသို့ ဝင်ရောက်ခဲ့ရသည်ဟုဆိုသည်။ ၂၀၂၁ ခုနှစ် ဇူလိုင် လတွင် မလှလှတို့လင်မယားနှစ်ဦး ပျူစောထီးအဖွဲ့သို့ ဝင်ရောက်ခဲ့ကြသည်။

ပျူစောထီးအဖွဲ့ကဘယ်လိုအဖွဲ့အစည်းမျိုးလဲ
ပျူစောထီးအဖွဲ့ကို စစ်မှုထမ်းဟောင်းအများစုနဲ့ မဘသ (အမျိုး၊ ဘာသာ၊ သာသနာ၊ စောင့်ရှောက်ရေး အဖွဲ့ဝင်)များဖြင့် မတ်လ ၅ ရက်၊ ၂၀၂၁ ခုနှစ်တွင် မန္တလေးမြို့၌ လျှို့ဝှက်ဖွဲ့စည်းလိုက်သည်ဟု ပျူစောထီး အဖွဲ့(ဗဟို)မှ မေလ ၁၅ ရက်၊ ၂၀၂၁ ခုနှစ် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။ 
စတင်ထူထောင်ချိန်တွင် မန္တလေးတိုင်းဒေသကြီးပျူစောထီးအဖွဲ့ (အထက်မြန်မာပြည်) နှင့် ရန်ကုန်တိုင်း ဒေသကြီးပျူစောထီးအဖွဲ့ (အောက်မြန်မာပြည်)အဖွဲ့ နှစ်ဖွဲ့ကိုသာ စတင်ထူထောင်ခဲ့သည်ဟု ဆိုသည်။ 
ကျန်ရှိသည့် ပြည်နယ်၊ တိုင်းနှင့် မြို့နယ်များတွင် ပျူစောထီးအဖွဲ့များကို အထက်မြန်မာပြည်နှင့် အောက် မြန်မာပြည်အဖွဲ့တို့မှ လမ်းညွှန်ချက်များပေးကာ တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဟုသိရသည်။

ပျူစောထီးအဖွဲ့က ဘာတွေလုပ်သလဲ

ပျူစောထီး၏ လုပ်ငန်းတာဝန် ၅ ချက်ရှိပြီး အဓိကအနှစ်သာရသည် စစ်အာဏာရှင်ဆန့်ကျင်သူများ၏ သတင်းကိုထောက်လှမ်းစုံစမ်းရန်နှင့် ဒလန်ဟု အစွပ်စွဲခံရသူ၊ Social Punishment အလုပ်ခံရသူများကို အကာအကွယ်ပေးရန်ဖြစ်သည်။
ပျူစောထီးအဖွဲ့၏ ကြေညာချက်တွင် စစ်မှုထမ်းဟောင်းနှင့် မဘသများကို အခြေခံဖွဲ့စည်းထားသည်ဟု ကြေညာထားသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပါဝင်ပတ်သက်သည်ဟု ယုံကြည်ယူဆသူအများအပြားရှိသကဲ့သို့ စစ်တပ်မှ ကျောထောက်နောက်ခံပေးနေသည်ဟုလည်း ယူဆ ကြသည်။
မြန်မာနိုင်ငံတဝန်းတွင် ပျူစောထီးများက PDF တပ်ဖွဲ့များအား ထောက်ခံနေသည်ဟုယူဆရသည့် ရွာများ သို့ဝင်ရောက်ပြီး ရွာသူ၊ ရွာသားများကို ခြိမ်းခြောက်၊ သတ်ဖြတ်မှုများပြုလုပ်သည်ဟု ကိုယ်တိုင်ကြုံတွေ့ ရသူများက ဆိုကြသည်။
ပို၍ဆိုးသည်မှာ ပျူစောထီးအဖွဲ့သို့မဝင်လို၍ ကျေးရွာမှထွက်ခွာသွားသူ ရွာသူ၊ ရွာသားများ၏ နေအိမ် များကို ကြံ့ခိုင်ရေးခေါင်းဆောင် ၄ ဦးနှင့် ရဲများပူးပေါင်းကာ နေအိမ်များမှပစ္စည်းများကို ယူဆောင်သကဲ့ သို့ ဖျက်ဆီးမှုများကိုလည်း ၎င်းတို့ရှေ့တွင်ပြုလုပ်နေ၍ မလှလှတို့ဇနီးမောင်နှံသည် ထွက်သွားရန် မတတ် သာခဲ့ကြောင်းဆိုသည်။ နေအိမ်ကမခွာရဲသလို ပျူစောထီးအဖွဲ့ထဲသို့လည်း မဝင်ဘဲမနေရဲသည့် ဘဝနှင့် ကြုံခဲ့ရသည်။
ကြံ့ခိုင်ရေးပါတီ၏ပြောခွင့်ရပုဂ္ဂိုလ် ဦးနန္ဒာလှမြင့်က “(ပျူစောထီးကို) ပြည်ခိုင်းဖြိုးကဖွဲ့တာတော့ မဟုတ် တာအသေအချာပဲ။ ဥပဒေမဲ့ မည်သည့်လုပ်ရပ်ကိုမှ ကျွန်တော်တို့ အားလည်းမပေးဘူး။ သဘောလည်း မတူဘူး။ လုပ်လည်း လုံးဝ မလုပ်ဘူးလို့ပြောချင်တယ်” ဟု RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေဆို ထားသည်။

ပျူသင်တန်း
ပျူစောထီးအဖွဲ့ကို စစ်ကောင်စီတပ်မှ ပြည်သူ့စစ်အဖွဲ့ဟုခေါ်ဆိုပြီးဒေသခံများကို တစ်လကြာ သင်တန်း များပေးသည်။ အမျိုးသမီးများကို ဒိုက်ထိုး၊ အသတ်အပုတ် မသင်သော်လည်း သေနတ်ပစ်နှင့် အရှောင် အတိမ်းအချို့ သင်ပေးသည်ဟုဆိုသည်။ 
အမျိုးသမီးပျူစောထီးသင်တန်းကို စစ်တပ်နှင့်ရဲက သင်တန်းပေးထားသည့် ကျေးရွာဒေသခံ အမျိုးသား များမှ ပြန်သင်ပေးသည်ဟု ဆိုသည်။
သင်တန်းဆင်းပြီးနောက် အမျိုးသမီးဖြစ်သူ မလှလှက နေအိမ်တွင်နေရသော်လည်း အမျိုးသားဖြစ်သူ သည် စစ်ကြောင်းများရှိပါက လမ်းပြအဖြစ် လိုက်ရသည်ဟုဆိုသည်။
အခြားကျေးရွာများမှပြည်သူများ စစ်တပ်ကစစ်ကြောင်းထိုး၍တိမ်းရှောင်နေကြချိန် အိမ်တွင်ကျန်ခဲ့သည့် ပစ္စည်းများကို စစ်တပ်နှင့်ပျူစောထီးများက လုယက်ခိုးယူကြသည်။
မလှလှ၏အမျိုးသား စစ်ကြောင်းထိုးရာတွင် လမ်းပြအဖြစ်လိုက်ပြီးပြန်လာချိန်၌ ထိုသို့ လုယူ၊ ခိုးယူလာ သည့် ပစ္စည်းများလည်း ပါလာတက်သည်။
“အဝတ်အစားကောင်းတာလေးတွေ၊ ဆန်၊ ဆီတို့ပေါ့။ အဲဒီလိုမျိုးတော့ ရလာတယ်။ သူတို့က (လမ်းပြ) လေးယောက်ပါသွားရင် အဲဒီလူတွေ ပြန်ခွဲယူရတာ။ သူတို့ခေါင်းဆောင်ပြောသလို ခွဲကြရတာ”ဟု မလှလှ က ဆိုသည်။
ထို့နောက် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် စစ်တပ်အတိုက်ခံရတိုင်း ဘေးမှကျေးရွာများကို စစ်တပ် က မီးရှို့သည်ကို မလှလှတို့ဇနီးမောင်နှံနှစ်ဦးလုံး မြင်တွေ့ခဲ့ရသည်။ ရွာကဒေသခံအချို့လည်း ရွာမှထွက် ပြေးနေကြသည်ကို မလှလှတစ်ယောက် သတင်းကြားပြီးနောက် အမျိုးသားဖြစ်သူနှင့် တိုင်ပင် ဖြစ်တော့ သည်။
“အစကတော့ ထွက်သွားရင် PDF တွေက ငါတို့ကိုသတ်မလားပေါ့။ အဲဒီလိုစိုးရိမ်ပူပန်တာတွေ ရှိတာပေါ့” ဟု မလှလှကပြောပြသည်။
ထို့နောက် မလှလှနှင့် အိမ်နီးချင်းမိသားစုနှင့်တိုင်ပင်ကာ ပျူစောထီးအဖွဲ့ဝင်များကို ကယ်ထုတ်နေသည့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ အရဲစွန့်၍ ဆက်သွယ်ခဲ့သည်။

ပျူစောထီးအဖွဲ့မှ လွတ်မြောက်ရာဆီသို့
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် မလှလှတို့မိသားစုလေးဦး လယ်ထဲဆင်းရန် နေအိမ်မှထွက် လာကြသည်။ မည်သည့်ပစ္စည်းကိုမှယူဆောင်၍မရသဖြင့် အရေးကြီးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စု စာရင်းတို့ကိုသာယူ၍ ထွက်လာခဲ့ကြသည်။ လမ်းတွင် မြိုင်မြို့နယ်(ပကဖ)မှ ရဲဘော်များက အသင့်လာ ရောက်ကြိုဆိုကြသည်။ 
ယခုအချိန်အထိ မြိုင်မြို့နယ်(ပကဖ)မှစီစဥ်ပေးသည့်နေရာတွင် မိသားစု အဆင်ပြေပြေနေထိုင်ကာ သမီး ငယ်နှစ်ဦးလည်း ပညာသင်ကြားနေပြီဖြစ်သည်။

အစိမ်းရောင်နယ်မြေ ဇီးပြားကျေးရွာ
စစ်တပ်ကအာဏာသိမ်းပြီးချိန်တွင် တပ်မတော်ထောက်ခံပွဲများပြုလုပ်ပြီး ဇီးပြားရွာသည် စစ်တပ်ကို ပြောင်ပြောင်တင်းတင်းထောက်ခံခဲ့ကြသည်။
ဇီးပြားကျေးရွာတွင် လူဦးရေ ၂,၀၀၀ ကျော်နေထိုင်ပြီး စစ်အာဏာသိမ်းပြီးချိန်၌ ရွာလူဦးရေ၏ သုံးပုံတစ်ပုံ မှာ ရွာမှတိမ်းရှောင်ခဲ့ရသည်။ ရှောင်တိမ်းရသူများသည် ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ကို ထောက်ခံသူများဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
ကျေးရွာအတွင်းနေခဲ့သည့် ကျန်သုံးပုံနှစ်အနက် အချို့မိသားစုဝင်များသည် ထိုစဉ်က ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်ကိုမထောက်ခံသော်လည်း ရပ်ဝေး၌ဆွေမျိုးမရှိသူများနှင့် မိသားစုစီးပွားရေးကို ပစ်မထားနိုင်ခဲ့သူ များဖြစ်ကြသည်။
“ထွက်သွားတဲ့ အိမ်ထောင်စုတွေရဲ့အိမ်တွေက ပစ္စည်းတွေလည်း ကြံ့ခိုင်ရေးခေါင်းဆောင်တွေနဲ့ ရဲတွေ၊ စစ်သားတွေက သယ်လို့ရတာသယ်၊ မရရင်ဖျက်ဆီးပစ်ကြတယ်”ဟု ဇီးပြားကျေးရွာမှ ကိုမင်းမင်း (အမည်လွှဲ) က ပြန်ပြောင်းပြောပြသည်။
ကိုမင်းမင်းတို့ ညီအကိုနှစ်ဦးသည်လည်း ကျေးရွာတွင်းကျန်ရစ်ခဲ့သူများထဲတွင်ပါဝင်သည်။
“နိုင်ငံရေး နားမလည်ဘူး။ သူတို့က (စစ်တပ်က) ခြိမ်းခြောက်ဝင်ခိုင်းလို့ ဝင်ရတာ” ဟု ကိုမင်းမင်းက ပြော သည်။
မိဘနှစ်ပါးနှင့် အမဖြစ်သူတို့က တနယ်တကျေးတွင် အလုပ်လုပ်ကိုင်နေကြ၍ ကိုမင်းမင်းသည် အသက် (၂၀) နှစ်အရွယ် ညီဖြစ်သူနှင့်အတူ နေထိုင်ကြသည်။
“အကြမ်းဖက်တွေက ရွာကိုလာတိုက်မယ်။ ရွာကိုကာကွယ်ဖို့ ကင်းစောင့်ရမယ်ဆိုပြီး အဲဒီလိုမျိုး အစည်း အဝေးခေါ်ပြီး သင်တန်းတက်ခိုင်းတာ” ဟု ကိုမင်းမင်းကပြောသည်။
ကိုမင်းမင်းက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ပျူစောထီးအဖွဲ့ထဲဝင်ခဲ့ခြင်းဖြစ်ပြီး အခြားသော ပျူစောထီး များ၊ ရဲများနှင့် နီးနီးကပ်ကပ် မနေထိုင်ခဲ့ဟုဆိုသည်။
သင်တန်းကာလမှာ တစ်လကြာမြင့်ပြီး သေနတ်အတို၊ အရှည်နှစ်မျိုးလုံးဖြင့် သေနတ်ပစ် သင်ကြားခဲ့ရ သည်။ ဇီးပြားရွာပျူစောထီးအဖွဲ့ကို ကြံ့ခိုင်ရေးပါတီက ရပ်ကျေးတာဝန်ရှိသူငါးဦးမှ ဦးဆောင်ကြောင်း ကိုမင်းမင်းက ပြောသည်။
ဇီးပြားကျေးရွာကမှ ပျူစောထီးထဲဝင်ရောက်ခဲ့သူများသည် အခြေခံပညာ အလယ်တန်းအဆင့်မှာ အမြင့်ဆုံးဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ကိုမင်းမင်းကလည်း ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ပေးခဲ့ကြောင်းပြောသည်။ နိုင်ငံရေးကို စိတ်အားမထက်သန်သော်လည်း တစ်ရက်လျှင် နှစ်ဒေါ်လာ ဝန်းကျင်နှင့်ညီမျှသည့် မြန်မာကျပ်ငွေ (၅,၀၀၀) ရသောကြောင့်ဟု ဆိုသည်။
ပျူစောထီးထဲဝင်ရောက်သူအများစုလုပ်ရသည်မှာ စစ်ကြောင်းလာလျှင် အခြားကျေးရွာများသို့ လမ်းပြ အဖြစ် လိုက်ရခြင်းဖြစ်သည်။
ထိုသို့သွားလာစဥ် ဒေသခံကာကွယ်ရေးတပ်များ၏ ကြားဖြတ်မိုင်းဆွဲခံခြင်းကိုခံရပြီး သေဆုံးသူများလည်း ရှိသည်။
“ကျတယ်လို့ သူတို့က သိပ်မပြောဘူး။ သူတို့ဖာသာ ကွယ်ဝှက်လုပ်တာများတယ်။ ပျောက်သွားတဲ့လူတွေ တော်တော်များတယ်။ သူတို့က စခန်းထဲနေတာများတော့ အတိအကျတော့ မသိရဘူး။ ကိုယ့်ရှေ့မှာ ကျသွားတဲ့သူတွေလည်း မြင်ရတယ်”ဟု ကိုမင်းမင်းကပြောသည်။
မကြာခဏလည်း ဇီးပြားကျေးရွာကို မြိုင်မြို့နယ် (ပကဖ)က ဦးစီးပြီး ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။ တခါက ကျေးရွာအတွင်းရှိ ရဲစခန်းကိုပါ ဝင်ရောက်တိုက်ခိုက်၍ ကိုမင်းမင်းအပါအဝင် ရွာအတွင်းမှ ပျူစောထီးများအားလုံး အိမ်အောက်ရှိ ဗုံးခိုကျင်းများထဲတွင် ဆင်းနေကြရသည်။
ဇီးပြားကျေးရွာသည် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်စပ်တွင်တည်ရှိသောကြောင့် ပျူစောထီးအဖွဲ့မှ ထွက် ပြေးလွတ်မြောက်သွားသူများမှတစ်ဆင့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ထံ ဆက်သွယ် ခဲ့ကြကြောင်း သိရသည်။
မြိုင်မြို့နယ် (ပကဖ) ကလည်း ကယ်ထုတ်နိုင်ရန် ကြိုးစားခဲ့ပြီး အောက်တိုဘာ ၃ ရက်နေ့တွင် ဇီးပြား ကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
“ကျွန်တော်တို့က အရှေ့၊ အနောက်၊ တောင်၊ မြောက်ဝင်ပစ်ချိန်မှာ တောင်ဘက်ကို ပြေးပေါက်တစ်ခု ပေးထားတယ်။ တိုင်ပင်ခေါ်ထားပြီးသား။ ပျူမလုပ်ချင်လို့ထွက်ပြေးမယ်ဆို တောင်ဘက်က ထွက်ပြေးခဲ့ ဆိုပြီး အစထဲကခေါ်ထားတာ”ဟု မြိုင်မြို့နယ် (ပကဖ) ခေါင်းဆောင် ကိုလက်ရာက ပြောသည်။
အဆိုပါ ဝင်ရောက်တိုက်ခိုက်မှုတွင် ကျေးရွာအတွင်းမှ ကိုမင်းမင်းတို့ညီအကိုနှစ်ဦး အပါအဝင် ပျူစောထီး ၅၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့သည်။
လက်ရှိအချိန်ထိ ဇီးပြားရွာမှ ပျူစောထီးအဖွဲ့ဝင် ၁၀၀ ကျော်ကို မြိုင်မြို့နယ်ပကဖက ကယ်ထုတ်နိုင်ခဲ့ပြီး အချို့သောမိသားစုများသည် ၎င်းတို့၏ဆွေမျိုးများရှိရာသို့ သွားရောက်နေထိုင်နေပြီဖြစ်သည်။
မြိုင်မြို့နယ် (ပကဖ) အနေဖြင့် ဇီးပြားကျေးရွာမှ ပျူစောထီးများအပါအဝင် မိသားစုဝင်များကို သွား ရောက်ကယ်ထုတ်နေသည်မှာ အကြိမ်ရေ ၃၀ နီးပါးရှိနေပြီး ရွာသား ၂၀၀ ကျော်ကို ကယ်ထုတ်လာနိုင် ကြောင်း မြိုင်မြို့နယ်ပကဖခေါင်းဆောင် ကိုလက်ရာကပြောသည်။
“စိတ်မချရတဲ့သူတွေက ဒေသဆိုင်ရာတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီး သူတို့မိသားစုတွေထံပို့ပေးတယ်။ တပ်ရင်းအထိ အရောက်မခံဘူး။ တချို့ကျတော့ ကျွန်တော်တို့ ခေါ်လာတယ်။ သူတို့ပါလာတဲ့ဖုန်းကဒ်တွေ ဖြုတ်သိမ်းထားတယ်။ ဖုန်းဆက်ချင်ရင် အထိုင်ဖုန်းနဲ့ မိဘ၊ ဆွေမျိုးတွေစီဆက်လို့ရတယ်။ ဂိမ်းဆော့၊ ဇာတ်ကားကြည့်ခွင့်ပြုထားတယ် " ဟု ၎င်းက ပြောသည်။
ထို့ပြင် ကျန်ရှိနေသည့် ပျူစောထီးအဖွဲ့ဝင်များအနေဖြင့်လည်း အမြင်မှန်ရ၍ နှုတ်ထွက်ကြရန် ဆိုသည်။
“ဝင်လာတဲ့သူတွေကို ကိုယ့်ရဲ့ညီအကို၊ မောင်နှမလို စောင့်ရှောက်တယ်။ ဝင်လာတဲ့သူတွေက သဘော ပေါက်ပေမယ့် အထဲကျန်ခဲ့တဲ့သူတွေက သဘောပေါက်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ကခေါ်ရင် PDF ကသတ်ပစ်မယ်လို့ ထင်နေကြတယ်။ ကျွန်တော်တို့က မသတ်ပါဘူး။ သူတို့စစ်သုံ့ပန်း စောင့်ရှောက်တာ ထက်တောင် ကောင်းအောင်ထားသေးတယ် " ဟု ကိုလက်ရာက ပြောသည်။
ထိုသို့ ပျူစောထီးအဖွဲ့မှ ရှောင်တိမ်းလာကြသူများရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အမျိုး၊ ဘာသာ၊ သာသာနာကို ဖျက်ဆီးသူများဟုဆိုကာ စစ်တပ်ဝါဒမှိုင်းမိ၍ အမှန်တကယ် လက်နက် ကိုင်ဆောင်နေကြသူများလည်းရှိသည်။
“ရွာကခေါင်းဆောင်လေးဦးကတော့ တကယ်စိတ်အားထက်သန်တယ်။ သူတို့ကအရင်ထဲကလည်း ကြံ့ခိုင် ရေးပါတီ ထောက်ခံတဲ့သူတွေဆိုတော့လေ။ ပြီးတော့ နည်းနည်းလည်း ပါတီဘက်မှာ အရေးပါတဲ့သူတွေ” ဟု ကိုမင်းမင်းက ပြောသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ပျူစောထီးအဖွဲ့ဝင်တစ်ဦးကလည်း ၎င်းတို့သည် သာသနာ မကွယ်ပျောက်စေရန်အတွက် ကာကွယ်နေကြခြင်းဖြစ်ကြောင်းဆိုသည်။ ထို့အပြင် NLD ဦးဆောင်သည့် လက်ရှိ NUG အစိုးရဖြစ်လာပါက သာသနာကွယ်ပျောက်ရုံသာမက လူမျိုးပင်ပျောက်သွားနိုင်ကြောင်း ပြောသည်။

ပျူစောထီးအမာခံများ
တိုင်းရင်းသားတပ်ဖွဲ့များနှင့် PDF များ ပူးပေါင်းဖွဲ့စည်းထားသည့် တပ်ဖွဲ့များနှင့်ရင်ဆိုင်တိုက်ခိုက်ရာတွင် အကျအဆုံးများလာနေသည့် စစ်ကောင်စီတပ်သည် ပျူစောထီးများကိုလက်နက်ပေး၍ တိုက်ခိုင်းနေ သည်မှာ ထင်ရှားသည်။
ဝင်ငွေမရှိသူများကို ပိုက်ဆံပေး၍ အရပ်သားအချင်းချင်းတိုက်ခိုင်းသည့်နည်းကို စစ်တပ်ကအသုံးပြုနေ သည်။ စစ်ကောင်စီက စစ်သည်အင်အားမလုံလောက်သဖြင့် ၎င်းတို့ဘက်မှတိုက်ခိုက်ပေးမည့် ပြည်သူ့စစ် အဖွဲ့များပေါ်ပေါက်လာရေးအတွက် စီစဉ်နေခြင်း ဖြစ်သည်။
ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ မဘသအဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများသည် ပျူစောထီး အမာခံ များဖြစ်ကြသည်။
ကိုမင်းမင်းနှင့် မလှလှတို့လို ပြည်သူဘက်သို့ပူးပေါင်းပါဝင်သော ပျူစောထီးများရှိသကဲ့သို့ ပြည်သူကို ရန်သူဟုသတ်မှတ်ပြီး အကြမ်းဖက်တိုက်ခိုက်နေသည့် ပျူစောထီးများလည်း အများအပြားရှိနေသေး သည်။ ထို့ကြောင့် စစ်တပ်ဝါဒမှိုင်းမိနေသည့် ပျူစောထီးများ၏ အစွဲကိုချွတ်ရန် အချိန်အတော် ယူရဦးမည် ဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required