မုံရွာမြို့နယ်၊ မြေနဲရွာအနီးတပ်စွဲနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
08 March 2023
မုံရွာမြို့နယ်၊ မြေနဲရွာအနီးတပ်စွဲနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ မြေနဲကျေးရွာအနီး စွမ်းရည်ထက်ဆီဆိုင်တစ်ဝိုက်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးကြောင်းသိရသည်။

မတ်လ ၆ ရက် ည ၁၁ နာရီ အချိန်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Lightning PDF တပ်ဖွဲ့  သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

“ မုံရွာ-မန္တလေး လမ်းဘေး စွမ်းရည်ထက်ဆီဆိုင်အနီးမှာ စစ်အင်အား ၄၀ လောက် ရှိမယ်ဗျ။ ၆၀ မမ နဲ့ သုံးချက် အနီးကပ် ပစ်ခတ်ခဲ့ရတာပါ ။ အတွင်းသတင်း အရ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးတယ် လို့ အတိအကျ သိထားတာ ဖြစ်တယ်” ဟု ၎င်း က ဆိုသည်။

သို့သော် အဆိုပါတိုက်ခိုက်မှု၊ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပေ။

တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း-၇ (Lightning PDF) ၊ မော်လိုက်ခရိုင် တပ်ရင်း -၂ နှင့် မုံရွာခရိုင် လှုပ်ရှားတပ်ရင်းတို့ ပူးပေါင်း၍ ဖော်ဆောင်ခဲ့ခြင်းဟုသိရသည်။

မုံရွာ ခရိုင်တပ်ရင်း - ၇ အနေဖြင့် ဖေဖော်ဝါရီ လ ၂၄ ရက်နေ့ကလည်း မုံရွာမြို့နယ် (လ.ဝ.က) ရုံးကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့သေးကြောင်း ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly