ထမင်းစားပြီး ပန်းကန်ဆေးနေသည့် စစ်ကောင်စီတပ်သားများ ဗုံးပစ် တိုက်ခိုက်ခံရ၊ ၂ ဦး သေဆုံးဟုဆို

By ကိုခင်မောင်
07 March 2023
ထမင်းစားပြီး ပန်းကန်ဆေးနေသည့် စစ်ကောင်စီတပ်သားများ ဗုံးပစ် တိုက်ခိုက်ခံရ၊ ၂ ဦး သေဆုံးဟုဆို

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သုံးဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယနေ့ မတ်လ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် မြင်းမူမြို့ အထက (၁) စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သား ငါးဦးသည် ထမင်းစားပြီး ပန်းကန်ဆေးရန် ထွက်လာစဉ် လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၎င်းတို့နေရာနား တည့်တည့်တွင် ကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း ဆိုသည်။

“အဲဒီကျောင်းမှာရှိတဲ့ စစ်ခွေး(စကစတပ်) တွေ အကုန်လုံးထမင်းစားနေချိန်မှာ ငါးယောက်က ထမင်းပန်ကန်တွေနဲ့ ကိုယ်စီထွက်လာတယ်။ ထွက်လာပြီးတော့ ပန်ကန်ဆေးတဲ့အချိန်မှာ ခုနစ်တန်း ကျောင်းဆောင်နားမှာ ကျတော်တို့က အုတ်တံတိုင်းရဲ့ ဘေးကနေ ပစ်လိုက်တဲ့အချိန်မှာ သူတို့နားကပ်ကျတာ၊ ကျတော်တို့လိုက်လံစုံစမ်းသတင်းအရတော့ နှစ်ယောက်သေတယ်။ သုံးယောက်ပြင်းထန်ဒဏ်ရာ ရပါတယ်။” ဟု True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွန်ရဲက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း True Fighter မြို့ပြပြောက်ကျား တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွန်ရဲ ပြောဆိုချက်နှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရသေးပေ။

အဆိုပါ လက်ပစ်ဗုံး ပေါက်ကွဲပြီးနောက် ကျန်စစ်ကောင်စီတပ်သားများက သေနတ်ကို မိုးပေါ်ထောင်ဖောက်ခြင်းနှင့် အနီးအနား ပတ်ဝန်းကျင်ကို ဦးတည်ရာမဲ့ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပေါက်ကွဲမှုဖြစ်သော အထက(၁)ကျောင်းဝန်းအတွင်းသို့ နောက်ထပ် စစ်ကောင်စီတပ်သား တချို့ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို လိုက်လံရှာ ဖွေခြင်းနှင့် မြို့ပေါ်တွင် ကားနှင့် ဆိုင်ကယ်များကိုလည်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်သွားကြောင်းလည်း မြို့ခံများထံမှ သိရသည်။

စစ်တပ်က အာဏသိမ်းပြီးနောက်ပိုင်း မြင်းမူမြို့ ၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းထဲတွင် စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်ခန့် တပ်စွဲနေရာ ယူထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လက်ပစ်ဗုံးဖြင့် စစ်ကောင်စီတပ်သားများကို ပစ်သွင်းတိုက်ခိုက်ခဲ့ပြီးနောက် True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ဗိုလ်စွန်ရဲက ဆိုသည်။

True Fighter မြို့ပြပြောက်ကျား တပ်အဖွဲ့အတွက် အဓိက လိုအပ်နေသော လက်နက်ခဲ ယမ်းဖြည့်တင်းရန် ရောင်းချနေသော ပုလဲလက်စွပ် ကံစမ်းမဲ‌ အစီအစဉ်တွင် ပူးပေါင်းပါဝင်ကြရန်လည်း ယင်းအဖွဲ့က မေတ္တာရပ်ခံထားသည်။

စာတည်း။ ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly