အရပ်သားသမ္မတ ဦးထင်ကျော်ကို ကြိုဆိုကြောင်း တိုင်းရင်းသားလက်နက် ၃ဖွဲ့ကထုတ်ပြန်

အရပ်သားသမ္မတ ဦးထင်ကျော်ကို ကြိုဆိုကြောင်း တိုင်းရင်းသားလက်နက် ၃ဖွဲ့ကထုတ်ပြန်
ဓာတ်ပုံ-အီးပီအေ
 

ချင်းမိုင်၊ မတ် ၁၉ ။           ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အရပ်သား သမ္မတ ဦးထင်ကျော်အား ကြိုဆိုကြောင်း ပြည်သူလူထု၏ ဆန္ဒဖြင့် အဆင့်ဆင့်ရွေးချယ်ခြင်းသည်   မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ တိုးတက်မှု တစ်ရပ်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၃ ဖွဲ့က   ထုတ်ပြန်ထားသည်။

အစိုးရသစ်အနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း တည်ငြိမ် အေးချမ်းရေးလုပ်ငန်းများကို အားကြိုးမာန်တက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်လိမ့်မည်ဟု မျော်လင့်ကြောင်း KIO က မတ် ၁၈ ရက်စွဲဖြင့် ယမန်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အစိုးရသစ်မှ သမ္မတ ဦးတင်ကျော်အား ဂုဏ်ပြု ကြိုဆိုကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် အဆင်သင့်ရှိသည်ဟု အမှန် တရားနှင့် မျှတမှုအတွက် မြန်မာအမျိုးသားပါတီ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)နှင့် ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA/AA)တို့က မတ် ၁၈ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

“အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကနေ တဆင့် တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံး ဖြစ်ပေါ်ဖို့အတွက် လိုလားတယ်။ ဒါကြောင့် ကျွန်တော်တို့ သုံးဖွဲ့က တောင်းဆိုတယ်။ အမြန်ဆုံးဖြစ်ပေါ်လာဖို့အတွက် မျော်လင့်တယ်။ ဒီ အရပ်သားအစိုးရ သမ္မတကနေ အသတ်နိုင်ဆုံး၊ အမြန်ဆုံး တွေ့ဆုံပြီးတော့ အလုပ်လုပ်ချင်တာပေါ့လေ”ဟု PSLF ဥက္ကဌ မိုင်အိုက်ဘုန်းက မဇ္ဈိမကို ပြောသည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးထိပ်ထားပြီး ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် စစ်မှန်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့ကို သမ္မတ ဦးထင်ကျော် အစိုးရသစ်နှင့် လက်တွေ့ကျကျ ပူးပေါင်းဖြေရှင်းနိုင်ရန် ၎င်းတို့ လက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့က အဆင်သင့်ရှိကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ပြည်တွင်း ဘယ်လို ရပ်စဲရေးမလဲ။ အခုဖြစ်နေတဲ့ စစ်ပွဲကို ဘယ်လို ရပ်စဲမလဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လို ဆက်ပြီး ဆောင်ရွက်မလဲ၊ အစိုးရသစ်ကို ကြိုဆိုတဲ့အပြင် ဒါကို ပူးပေါင်းလုပ်ဆောင်ဖို့အတွက်  အဆင်သင့်ရှိတယ်ဆိုတာ သဘောထားကို ထုတ်ပြန်တာပါ”ဟု သူက ပြောသည်။

လက်ရှိ တအာင်းဒေသအတွင်း အစိုးရစစ်တပ်ဘက်မှ စစ်အင်အားတိုးမြင့်လာပြီး နေ့စဉ်ဆိုသလို၊ TNLA တပ်အား တိုက်ခိုက်နေသလို၊ အရပ်သား ပြည်သူလူထုများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နေမှုအပေါ် အစိုးရ သစ်အနေဖြင့် မြန်မာ့တပ်မတော်ကို ထိန်းသိမ်းနိုင်ရန် နည်းလမ်းရှာရန် လိုအပ်ပြီး ၎င်းအား အလေးထား ဖြေရှင်းစေလိုကြောင်း မိုင်းအိုက်ဘုန်းက ပြောသည်။

မတ်လ ၁၅ ရက်က ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် ကျင်းပသော နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြောက်ပွဲတွင် ဦးထင်ကျော်အား မဲပေါင်း ၃၆၀ မဲဖြင့် ရွေးချယ် တင်မြောက်ခဲ့မှုကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များက ကြိုဆိုလိုက်သည်။

သမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရအနေဖြင့် အဓိကအားဖြင့် ပြည်တွင်းစစ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်စေလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly