မန္တလေးပရဟိတ ရေသယ်ယာဉ် မတော်တဆဖြစ်ပြီး ပရဟိတသမား ၁ ဦး သေဆုံး

မန္တလေးပရဟိတ ရေသယ်ယာဉ် မတော်တဆဖြစ်ပြီး ပရဟိတသမား ၁ ဦး သေဆုံး

မဇ္စျိမ။ ။ စစ်ကိုင်းသို့ ရေသွားလှူသည့် မန္တလေးမြို့က ပရဟိတ ရေသယ်ယာဉ် တစ်စီးသည် ယနေ့ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက အာလောင်ကျေးရွာအ၀င် ဘုရားကုန်း အတက်လမ်းတွင် နောက်ပြန်လိမ့်ကျပြီး ကားပေါ်ပါလာသူ ပရဟိတသမားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

“ရှစ်မျက်နှာ ဘုရားကုန်း အတက်မှာ၊ ကားက နောက်ပြန်ကျပြီး သစ်ပင် နှစ်ပင်ကြားသွားညှပ်တယ်၊ ကားနဲ့သစ်ပင် ကြားလူညှပ်ပြီး သေတာပါ” ဟု ဖြစ်စဉ်သိရှိသော ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ‌ယာဉ်သည် ယနေ့ နံနက်ပိုင်းက စစ်ကိုင်း-မင်းကွန်းကားလမ်း အာလောင်ကျေးရွာရှိ ဥတ္တရဘောဓိကျောင်းတိုက်သို့ ရေသွားရောက်လှူဒါန်းစဉ် အာလောင်ကျေးရွာအ၀င် ရှစ်မျက်နှာဘုရား အတက်လမ်းတွင် နောက်ပြန်လိမ့်ကျပြီး သစ်ပင်နှစ်ပင်ကြားညှပ်ရာမှ လူပါရောညပ်ပါသွားခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများက ဆိုသည်။

ရေသယ်ယာဉ်ပေါ်ပါသူ လေးဦးအနက် တစ်ဦးသေဆုံးသွားခြင်းဖြစ်ပြီး သေဆုံးသွားသူ ပရဟိတသမား၏ ရုပ်အလောင်းကို မတ်လ ၈ ရက်နေ့တွင် သင်္ဂြိုဟ်သွားမည်ဟု သိရသည်။

နောက်ပြန်လိမ့်ကျခဲ့သည့် ရေသယ်ယာဉ်သည် မန္တလေး ချမ်းအေးသာစံမြို့နယ် ၂၆ လမ်းအောက်ဘက် ပိုက်ကျုံးရပ်ကွက်ရှိ နိဗ္ဗာန်သုခ (မန္တလေး) အသင်းပိုင် ရေသယ်ယာဉ် ဖြစ်ကြောင်း သိရသည်။

“အဲဒီအသင်းက မီးလောင်ပြင်ဆိုရင်လည်း ရေသွားပို့ပေးတယ်၊ မန္တလေးမှာ ရေပြတ်လပ်ရင်လည်း အိမ်တိုင်ရာရောက် ရေလိုက်လှူတယ်၊ မနက်ကလည်း ဘုန်းကြီးကျောင်းအတွက် ရေအလှူတောင်းလို့သွားပို့ရင်း ပရဟိတ သမားတစ်ဦး အသက်ပေးသွားတာပါ ” ဟု မြို့ခံပရဟိတသမားတစ်ဦးက ပြောသည်။

အခင်းဖြစ်နေရာသို့ စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ စစ်ကိုင်းမြို့နယ်မီး သတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးနှင့် သနေမီးသတ် တပ်ဖွဲ့၀င်များ၊ ထုံးဘိုအရန်မီးသတ်စခန်းမှ အရန်မီး သတ်တပ်ဖွဲ့၀င်များ၊ သုခကာရီ လူမှုကူညီရေးအသင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)တို့က သွားရောက်ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရုပ်အလောင်းအား စစ်ကိုင်းမြို့ သုခကာရီလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် စစ်ကိုင်းခုတင် ၂၀၀ ဆံ့ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး အဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

Photo - ထုံးဘိုအရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့

စာတည်း။ ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly