အီတလီကမ်းလွန် လှေနစ်မြုပ်မှု၌ လူကုန်ကူးမှု သံသယဖြင့် ဖမ်းဆီးခံရသူ ၃ ဦးတွင် ပါကစ္စတန်နိုင်ငံသား ၂ ဦး ပါဝင် 

By ANI
07 March 2023
အီတလီကမ်းလွန် လှေနစ်မြုပ်မှု၌ လူကုန်ကူးမှု သံသယဖြင့် ဖမ်းဆီးခံရသူ ၃ ဦးတွင် ပါကစ္စတန်နိုင်ငံသား ၂ ဦး ပါဝင် 

အီတလီကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူ ၆၄ ဦးထက်မနည်းသေဆုံးစေခဲ့သော လှေတစ်စင်း နစ်မြုပ်မှုအပြီး လူကုန်ကူးမှုဖြင့် သံသယရှိသော တူရကီနိုင်ငံသား ၁ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၂ ဦး အပါအဝင် လူ ၃ ဦးကို အီတလီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပါကစ္စတန်အခြေစိုက် ProIQRA သတင်းက ဖော်ပြသည်။

ဖမ်းဆီးခံရသူ ၃ ဦးသည် ရာသီဥတုဆိုးရွားနေသည့်ကြားမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို လှေဖြင့်တင်၍ တူရကီနိုင်ငံ အစ်ဇ်မားမြို့မှ အီတလီနိုင်ငံ ကာလာဘရီယာမြို့သို့ ခေါ်ဆောင်ခဲ့ကြောင်း အီတလီအာဏာပိုင်များက ပြောကြားခဲ့သည်။

ဖမ်းဆီးခံထားရသည့် သံသယရှိသူများသည် အီတလီနိုင်ငံသို့ ပို့ဆောင်မည့် ခရီးသည်များထံမှ ၁ ဦးလျှင် အမေရိကန်ဒေါ်လာ ၈ ၅၀၀  ရယူခဲ့သည်ဟု ဆိုသည်။

တူရကီမှ အီတလီသို့ ထွက်ခွာလာသော တရားမဝင်ရွှေ့ပြောင်းများကို သယ်ဆောင်လာသည့် လှေသည်  သန္တာကျောက်တန်းကို ဝင်တိုက်မိ၍ နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး လှေပေါ်ပါသူ လူ ၂၀၀ အနက် အများစုမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဆိုမားလီးယား၊ ဆီးရီးယား၊ အီရတ်နှင့် အီရန်တို့မှ ဖြစ်သည်ဟု ယူဆရကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။ 

မတော်တဆမှုအတွင်း သေဆုံးသူဦးရေမှာ ၁၀၀ ကျော်ရှိနိုင်ပြီး  သေဆုံးသူများထဲတွင် ကလေးငယ် ၁၂ ဦး ပါဝင်ကြောင်း ProIQRA သတင်းက ဖော်ပြသည်။
အီတလီကမ်းလွန်တွင် လှေမှောက်မှုအတွင်း ပါကစ္စတန်နိုင်ငံသား ၂ ဒါဇင်ကျော် ရေနစ်သေဆုံးခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှဘက်ရှရစ်ဖ်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အီတလီကမ်းလွန်တွင် ဖေဖော်ဝါရီ ၂၆ ရက်က နစ်မြုပ်ခဲ့သော လှေပေါ်တွင် ပါကစ္စတန်နိုင်ငံသား ၄၀ ဦး လိုက်ပါလာခဲ့ကြောင်း ရောမမြို့ရှိ ပါကစ္စတန်သံရုံးက သတင်းထုတ်ပြန်ခဲ့ပြီး ပါကစ္စတန်နိုင်ငံသား ၂၈ ဦး၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးအဖွဲ့များက ဆယ်ယူရရှိခဲ့ကြောင်း Geo News က ဖော်ပြခဲ့သည်။

လှေပေါ်တွင် ပါလာသည့် ပါကစ္စတန်နိုင်ငံသား ၁၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ပါကစ္စတန်အာဏာပိုင်များက  အီတလီအာဏာပိုင်များ၊ စေတနာ့ဝန်ထမ်းများ၊ ရေကြောင်း အေဂျင်စီများနှင့် ချိတ်ဆက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly