တရုတ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပြင် စစ်ကောင်စီကိုပါ တွေ့ဆုံမှုရှိလာ 

By မိုးသောက် (မဇ္ဈိမ)
07 March 2023
တရုတ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပြင် စစ်ကောင်စီကိုပါ တွေ့ဆုံမှုရှိလာ 

တရုတ်အထူးကိုယ်စားလှယ်တိန့်ရှီးကျွင်း သည် ၂၀၂၃ခုနှစ် မတ်လ ၆ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ၎င်း၏ငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

မတ်လ ၇ရက်နေ့ နံနက်ပိုင်း၌ နေပြည်တော်တွင် တရုတ်အထူးကိုယ်စားလှယ်သည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စရပ်များ ၊ နယ်စပ်ရေးရာ ကိစ္စရပ်များနှင့် စီးပွားရေးကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီ လက်အောက်ခံ ဝါဒဖြန့်မီဒီယာ များတွင် ဖော်ပြထားသည်။ 

တရုတ်အထူးကိုယ်စားလှယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယအပတ်အတွင်းကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) ၊ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်( NDAA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကိုတွေ့ဆုံခဲ့သေးသည်။ 

အဆိုပါတွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးကိစ္စရပ်များကို ပြောဆိုဆွေးနွေးမှုရှိခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က မဇ္ဈိမသို့ပြောခဲ့သည်။ 

ထိုသို့တွေ့ဆုံခဲ့ပြီးမကြာမီတွင် တရုတ်အထူးကိုယ်စားလှယ်သည် နေပြည်တော်သို့သွားရောက် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံခဲ့သည်။ 

တွေ့ဆုံရာတွင် စစ်ခေါင်းဆောင်အပြင် အာဏာသိမ်းစစ်တပ်ကဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့်လည်း တွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ယခုကဲ့သို့ တွေ့ဆုံမှုသည် မြန်မာ့အရေးနှင့်ပတ််သက်ပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် လာရောက်လေ့လာသည့်သဘောဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။ 

ပြီးခဲ့သည့်လပိုင်းက အမေရိကန်က အတည်ပြုလိုက်သည့် NDAAဥပဒေနှင့်ပတ်သက်ပြီးလည်း လာရောက်စနည်းနာခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး  လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် ဦးသန်းစိုးနိုင်က ပြောသည်။ 

“အခုက NDAAကနေ မြန်မာပြည်ကိုကူညီတွေပေးမယ် ဘာညာဆိုတော့ သူတို့ဘက်ကလည်း ဒါတွေကို ဘယ်သူတွေရရှိသလဲ။ ဘယ်နေရာမှာသုံးနေလဲဆိုတာ အသေးစိတ်နားလည်အောင်လုပ်တဲ့သဘောထားတွေပါမယ်လို့ ယူဆပါတယ်” ဟုဆိုသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံစဉ်က တရုတ်အထူးကိုယ်စားလှယ်သည်  ငြိမ်းချမ်းရေးကိစ္စများ အပြင် နယ်စပ်ဒေသဖွံ့ဖြိုးရေးအခြေအနေများနှင့် တရုတ်-မြန်မာနယ်စပ်ရှိစစ်ရှောင်များနှင့်ပတ်သက်ပြီးလည်း ဆွေးနွေးမှုများပြုလုပ်ခဲ့သေးသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required